ပြင်သစ်အမျိုးသားတစ်ဦးက ပေါလောပေါ်နိုင်တဲ့ စည်ပိုင်းပုံသဏ္ဍန် လိမ္မော်ရောင် အခန်းငယ်တစ်ခုထဲမှာလိုက်ပါလျက် အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်သန်းမယ့်ခရီးစဉ် စတင်ခဲ့ပြီလို့ ဆိုပါတယ်။ ရေစီးကြောင်းတွေက ၎င်းရဲ့ ရေငုပ်သင်္ဘောပုံစံမျိုး စည်ပိုင်းပုံအခန်းငယ်ကို တွန်းပို့မျောပါစေခြင်းဖြင့် အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်သန်းမှာဖြစ်ပါတယ်။
(Photo: AFP)
အသက် ၇၁ နှစ်အရွယ် ဂျိန်းဂျက်ကေးစ်ဆာဗင်က ၎င်းရဲ့ အတ္တလန်တိတ်သမုဒ္ဒရာဖြတ်သန်းမယ့် ခရီးစဉ်ကို စပိန်နိုင်ငံ ကန်နရီကျွန်းစုရှိ El Hierro ကျွန်းငယ်ကနေ စတင်ထွက်ခွာခဲ့ပြီး ကာရစ်ဘီယန်ပင်လယ်ပြင်ကို သုံးလအတွင်း ရောက်ရှိမယ်လို့ မျှော်လင့်ထားပါတယ်။ ရေငုပ်သင်္ဘောပုံစံမျိုး ဆာဗင်ရဲ့ စည်ပိုင်းပုံအခန်းငယ်လေးကို အကြမ်းခံနိုင်ရန် တည်ဆောက်ထားပြီး အတွင်းမှာ အိပ်စင်၊ မီးဖိုချောင်နဲ့ ပစ္စည်းထားရန်နေရာတို့ ပါရှိပါတယ်။
ဆာဗင်က ၎င်းရဲ့ခရီးစဉ်တစ်လျှောက် အတ္တလန်တိတ်သမုဒ္ဒရာ ရေစီးကြောင်းတွေကို လေ့လာသူတွေကို အကူအညီဖြစ်စေမယ့် အမှတ်အသားများ ချသွားမှာလည်း ဖြစ်ပါတယ်။ ဆာဗင်က ခရီးစဉ်အခြေအနေကို Facebook မှာ မျှဝေထားခဲ့ပြီး ၎င်းရဲ့နောက်ဆုံး ပြောကြားမှုအရ စည်ပိုင်းပုံအခန်းငယ်လေးဟာ အဆင်ပြေနေကြောင်း သိရပါတယ်။
(Photo: Getty Images/AFP/G. Gobet)
"ရာသီဥတုကောင်းတယ်၊ သုံးပေအမြင့်လောက်ရှိတဲ့ ရေလှိုင်းတစ်ခုနဲ့လိုက်ပါပြီး တစ်နာရီကို တစ်မိုင်ကျော် နှစ်မိုင်နီးပါး အမြန်နှုန်းနဲ့ရွေ့လျားနေပါတယ်၊ လာမယ့် တနင်္ဂနွေနေ့အထိ လေတိုက်နှုန်းလည်း ကောင်းနေမယ်ခန့်မှန်းပါတယ်" လို့ ဆာဗင်က AFP သတင်းဌာနနဲ့ တယ်လီဖုန်းအင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ဆာဗင်ဟာ လေထီးတပ်သားဟောင်းဖြစ်ပြီး ပန်းဥယျာဉ်ထိန်းသိမ်းစောင့်ရှောက်သူနဲ့ သင်္ဘောမောင်းသူအဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးပါတယ်။ ရေစီးကြောင်းတွေက စည်ပိုင်းပုံအခန်းငယ်ကို ကာရစ်ဘီယန် ပင်လယ်ပြင်အရောက် မိုင် ၂,၈၀၀ ခရီးအကွာအဝေးကို ပို့ဆောင်ပေးလိမ့်မယ်လို့ ဆာဗင်က ယုံကြည်ထားပါတယ်။
(Map: Google)
ဆာဗင်ရဲ့ စည်ပိုင်းပုံအခန်းငယ်ဟာ အရှည် ၁၀ ပေနီးပါးနဲ့ အနံ ၇ ပေနီးပါးရှိပြီး စတုရန်းပေ ၆၄ ခန့် ကျယ်ဝန်းတယ်လို့ ဆိုပါတယ်။ ဆာဗင်က စည်းပိုင်းပုံအခန်းငယ်ကို လှိုင်းဒဏ်နဲ့ orca ဝေလငါးတွေ တိုက်ခိုက်လာနိုင်မှုတို့ကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားပါတယ်။ လနဲ့ချီကြာအောင် တည်ဆောက်ထားတဲ့ ဆာဗင်ရဲ့ စည်ပိုင်းပုံအခန်းငယ်မှာ ဆက်သွယ်ရေးနဲ့ GPS စနစ်အတွက် နေရောင်ခြည်စွမ်းအင်သုံးနိုင်ရန်လည်း စီစဉ်ထားပါတယ်။ ဆာဗင်အတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၆၈,၀၀၀ ကို လူအများအပြားက ဝိုင်းဝန်ထည့်ဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
(Photo: AFP)
"ဘာဘီဒိုးစ်မှာလည်း ဖြစ်နိုင်ပါတယ်၊ ကျွန်တော်ကတော့ Martinique ဒါမှမဟုတ် Guadaloupe တို့လို ပြင်သစ်ကျွန်းတစ်ခုခုကို ရောက်သွားချင်ပါတယ်" လို့ ဆာဗင်က ဟာသလုပ်ခဲ့ပါသေးတယ်။ ဆာဗင်က စည်သွပ်ဘူးနဲ့ Sauternes ဝိုင်ဖြူတစ်လုံးကိုလည်း နှစ်သစ်ကိုကြိုရန်အတွက် သယ်ဆောင်သွားခဲ့ပါတယ်။ ဒါ့အပြင် လာမယ့် ဇန်နဝါရီ ၁၄ ရက်မှာ ကျရောက်မယ့် ၎င်းရဲ့ ၇၂ နှစ်ပြည့် မွေးနေ့ကျင်းပရန်လည်း ဝိုင်နီတစ်လုံး သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။