နာမည်ကျော် YouTuber တစ်ယောက်ဖြစ်တဲ့ စပိဒ်ဟာ ရော်နယ်ဒိုရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး ရော်နယ်ဒိုနဲ့ တွေ့ဆုံခွင့်ရချိန်မှာလည်း ရော်နယ်ဒိုရဲ့ ခြေအစုံကို ဦးခိုက်ကြိုဆိုခဲ့တဲ့အထိ ဒီကစားသမားအပေါ် ရူးသွပ်ခဲ့တာပါ။ လက်ရှိနွေမှာလည်း စပိဒ်က ရော်နယ်ဒိုနဲ့ အကြိမ်ကြိမ် တွေ့ဆုံခွင်ရရှိအောင် ကြိုးစားခဲ့ပါတယ်။
စပိဒ်ဟာ ရော်နယ်ဒိုရဲ့ အယ်လ်နာဆာတို့ ရာသီကြိုပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံကို ရောက်ရှိနေချိန်မှာ သူကိုယ်တိုင်လည်း ဂျပန်အထိ လိုက်ပါလာခဲ့ပြီး ရော်နယ်ဒိုနဲ့ တွေ့ဆုံခဲ့ပါတယ်။ အခု နောက်ဆုံးထွက်ပေါ်လာတဲ့ ဗီဒီယိုအရတော့ ရော်နယ်ဒိုတစ်ယောက် စပိဒ်ကို မြင်ရလွန်းလို့ စိတ်ညစ်နေပုံပေါက်နေကြောင်း ပရိသတ်တွေက ခန့်မှန်းသုံးသပ်နေပါတယ်။
စပိဒ်ဟာ ကွင်းအတွင်းမှာ ကြံ့ခိုင်မှု လေ့ကျင့်ခန်းပြုလုပ်နေတဲ့ ရော်နယ်ဒိုကို အော်ဟစ်အားပေးနေခဲ့ပြီး ရော်နယ်ဒိုကလည်း ပရိသတ်တွေရှိတဲ့ဘက်ကိုလှည့်ကာ ပြုံးပြ၊ လက်မထောင်ရင်း နှုတ်ဆက်ခဲ့ပါတယ်။ စပိဒ်တစ်ယောက်ကတော့ ရော်နယ်ဒိုကို ခုန်ပေါက် အားပေးနေခဲ့ပြီး ရော်နယ်ဒိုကတော့ ဒီပုဂ္ဂိုလ်ကို မြင်ရလွန်းလို့ စိတ်ညစ်နေပြီလို့ ပရိသတ်တွေက ယူဆနေပါတယ်။
ပရိသတ်တွေက “ရော်နယ်ဒိုကတော့ စပိဒ်ကို တော်တော် စိတ်ညစ်နေလောက်ပါပြီ” “ရော်နယ်ဒိုတစ်ယောက် သူရယ်နေတာကို စပိဒ်မမြင်အောင် ကြိုးစားနေပါတယ်” “ရော်နယ်ဒိုကတော့ စပိဒ်နဲ့တင် စိတ်ပျက်နေပါပြီ” လို့ မှတ်ချက်အမျိုးမျိုး ပေးခဲ့ပါတယ်။ စပိဒ်ဟာ ရော်နယ်ဒိုတို့ရှိနေတဲ့ ဂျပန်ကို မသွားရောက်ခင် အမေရိကန်နိုင်ငံမှာလည်း မက်ဆီရဲ့ အင်တာမိုင်ယာမီ ကစားသမားဘဝ ပွဲဦးထွက်ကို အားပေးခဲ့ပါသေးတယ်။
အဆိုပါပွဲမှာ မက်ဆီက အင်တာမိုင်ယာမီအတွက် အနိုင်ဂိုးကို နောက်ဆုံးမိနစ်မှာ ဖရီးကစ်ကတစ်ဆင့် သွင်းယူပေးနိုင်ခဲ့တဲ့နောက် စပိဒ်က ရော်နယ်ဒို နာမည်ပါ ဂျာစီကို ချွတ်ကာ မက်ဆီရဲ့နာမည်ပါဝင်တဲ့ ဂျာစီနဲ့ အောင်ပွဲခံခဲ့ပါသေးတယ်။