ဒီနောက်ပိုင်းကာလတွေမှာ ပရီးမီးယားလိဂ်က နာမည်ကျော် ကစားသမားတွေအနေနဲ့ သူတို့ရဲ့နေအိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခိုးယူမှုတွေ ပြုလုပ်ခံနေရတာကြောင့် လက်ရှိအချိန်မှာ ဒါတွေကို ကာကွယ်ဖို့အတွက် ကိုယ်ပိုင်လုံခြုံရေးစစ်သားတွေကို ငှားရမ်းအသုံးပြုနေကြတယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာအတွင်းမှာ မန်စီးတီးနောက်ခံလူ ကန်ဆယ်လိုတယောက် သူ့ရဲ့နေအိမ်မှာရှိနေတုန်း သူခိုးတွေ ကျူးကျော်ဝင်ရောက်လာခဲ့ပြီး နေအိမ်မှာရှိတဲ့ လက်ဝတ်ရတနာတွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို လုယက်ဖို့ ကြံစည်ခဲ့ပါတယ်။ ကန်ဆယ်လိုက ဒီသူခိုးတွေကို အကြောက်အလန့်မရှိ ပြန်လည်ခုခံခဲ့ပြီး သူ့ရဲ့မျက်ခုံးအပေါ်မှာလည်း ကွဲသွားခဲ့ပါတယ်။ ဒီမတိုင်ခင်ကလည်း အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်က သူ့ကို ဓားပြတိုက်တဲ့ မျက်နှာဖုံးစွပ်တွေနဲ့ အပီအပြင် ပွဲကြမ်းခဲ့ပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ယူနိုက်တက် နောက်ခံလူ လင်ဒီလော့ဖ်ရဲ့နေအိမ်ကို သူခိုးတွေ ကျူးကျော်ဝင်ရောက်ခဲ့ပြီး အဲ့ဒီအချိန်မှာ လင်ဒီလော့ဖ်က ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်းပွဲအဖြစ် သွားရောက် ကစားနေရတာဖြစ်ပါတယ်။ လင်ဒီလော့ဖ်ရဲ့ ဇနီးက သူခိုးတွေ အိမ်ထဲကျူးကျော်လာတာကို တွေ့ခဲ့ပေမယ့် သူနဲ့ ကလေးနှစ်ယောက်ကိုပါ ရန်ပြုမှာစိုးရိမ်တာကြောင့် ပုန်းအောင်းနေခဲ့ရပါတယ်။
လက်ရှိအချိန်မှာ လင်ဒီလော့ဖ်တို့ မိသားစုက စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုကြောင့် ဆွီဒင်နိုင်ငံကို ပြန်သွားခဲ့ပြီလို့ သိရပါတယ်။ ဒီလို ပြဿနာမျိုးစုံကြောင့် အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ အခြေစိုက်တဲ့ ကလပ်အသင်းတွေဟာ ကစားသမားတွေရဲ့ လုံခြုံရေးပြဿနာတွေအတွက် အထူးဂရုစိုက် ဆောင်ရွက်လာကြပြီး လိုအပ်တဲ့သတင်းအချက်အလက်တွေ မျှဝေဖို့အတွက် Group chat တခုလည်းရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကစားသမားအချို့ကလည်း ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေကတဆင့် စစ်မှုထမ်းဟောင်း စစ်သားတွေကို ငှားရမ်းပြီး လုံခြုံရေးကြပ်မတ်ထားကာ အထူးသဖြင့် သူတို့အဝေးကွင်း သွားကစားနေချိန်မှာ ကျန်ခဲ့တဲ့ မိသားစုအတွက် အဓိကရည်ရွယ်ဆောင်ရွက်နေကြပါတယ်။
သတင်းရင်းမြစ်တဦးက “ဒါက ပြဿနာအသစ်မဟုတ်ပေမယ့် အခု နောက်ပိုင်းမှာတော့ တော်တော်လေး ပွဲဆူလာပါတယ်။ ကစားသမားအများအပြားက လေ့ကျင့်သားပြည့်ဝနေတဲ့ ခွေးတွေကို ခေါ်ထားကြပေမယ့် အချို့ကတော့ အထူးစပါယ်ရှယ် တပ်သားဟောင်းတွေကို ငှားရမ်းနေကြပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။