စပွန်ဆာလိုဂိုက တော်တော်လေးကို ကြီးနေခဲ့တာပါ။

ယူနိုက်တက်ပရိသတ်တွေဟာ လာမယ့်ရာသီသစ်အတွက် ပေါက်ကြားလာတဲ့ အသင်းရဲ့ ဂျာစီအသစ်နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ပြုလုပ်နေကြပါတယ်။ လက်ရှိအချိန်အထိတော့ ယူနိုက်တက်ရဲ့ ဂျာစီအသစ်ကို တရားဝင်ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။



အချို့အသင်းတွေဟာ အများအားဖြင့် ရာသီတစ်ခု မကုန်ဆုံးခင်မှာကတည်းက ဂျာစီအသစ်ကို ထုတ်ပြန်ကြေညာလေ့ရှိပေမယ့် ယူနိုက်တက်ကတော့ နွေရာသီကာလမှသာ ဂျာစီဒီဇိုင်းအသစ်ကို ပရိသတ်တွေထံ တရားဝင် ထုတ်ပြန်လေ့ရှိပါတယ်။ အခုထွက်ပေါ်လာတဲ့ ဂျာစီအသစ်ကိုတော့ ကက်စ်မဲရိုး၊ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ရပ်ရှ်ဖို့ဒ်တို့က ဝတ်ဆင်ထားပါတယ်။

ဒီအိမ်ကွင်းဂျာစီရဲ့ ပုံရိပ်တွေက ဆိုရှယ်မီဒီယာတွေ‌ပေါ်မှာ ပျံ့နှံ့နေပြီး ဒီဂျာစီဒီဇိုင်းမှာ အသင်းရဲ့ ရင်ဘတ်စပွန်ဆာ TeamViewer ရဲ့ လိုဂိုကြီးက သိသိသာသာ ကြီးနေတာကြောင့် ယူနိုက်တက်ပရိသတ်တွေက ဝေဖန်နေကြပါတယ်။ ဒီဂျာစီအသစ်ကိုတော့ ယူနိုက်တက်ရဲ့ မူလအရောင်ဖြစ်တဲ့ အနီရောင်နဲ့အတူ စပွန်ဆာ Adidas ရဲ့ အမှတ်သညာ အမည်းစင်းက ပခုံးပေါ်မှာ ပုံဖော်ထားပါတယ်။

ယူနိုက်တက်ရဲ့ ရင်ဘတ်ဂျာစီ TeamViewer ဟာ ဂျာမနီအခြေစိုက် ကွန်ပျူတာ ဆော့ဖ်ဝဲ ကုမ္ပဏီတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ရာသီမှာလည်း ယူနိုက်တက်ကို စပွန်ဆာပေးခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ TeamViewer နဲ့ စပွန်ဆာစာချုပ်ကို သတ်မှတ်ချိန်ထက် စောလျင်စွာ ရပ်ဆိုင်းမှာဖြစ်ပြီး ဂျာစီစပွန်ဆာအသစ်ကိုတော့ ရှာဖွေနေဆဲပါ။

ယူနိုက်တက်ပရိသတ်တွေကတော့ “ဂျာစီဒီဇိုင်းက ကောင်းပေမယ့် စပွန်ဆာလိုဂိုက ဒါကို ဖျက်ဆီးသွားခဲ့တယ်” “TeamViewer လိုဂိုကို ဂျာစီပေါ်ကနေ ဖယ်လိုက်သင့်ပါတယ်” “စပွန်ဆာလိုဂိုကြီးက ကြီးလွန်းတယ်” “ဂျာစီက သူ့ဘာသာသူ မိုက်နေပေမယ့် ဒီဇိုင်နာတွေအအနေနဲ့ TeamViewer နဲ့ ပတ်သက်လို့ တစ်ခုခု လုပ်သင့်ပါတယ်” လို့ အမျိုးမျိုး ဝေဖန်ပြောကြားခဲ့ပါတယ်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က