ကုမ္ပဏီအတွင်းပိုင်း စာရွက်စာတမ်းတစ်ခုကို ကိုးကားပြီး Bloomberg News က ပြောပါတယ်

Netflix ရဲ့ လူကြည့်အများဆုံးနဲ့ အကျော်ကြားဆုံး Squid Game ကိုရီးယားဇာတ်လမ်းတွဲဟာ အွန်လိုင်းရုပ်ရှင်နဲ့ဇာတ်လမ်းတွဲ ဝန်ဆောင်မှုကုမ္ပဏီအတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၉၀၀ တန်ဖိုးရှိကြောင်း ကုမ္ပဏီအတွင်းပိုင်း စာရွက်စာတမ်းတစ်ခုကို ကိုးကားပြီး Bloomberg News က အောက်တိုဘာ ၁၆ ရက် နှောင်းပိုင်းမှာ ပြောပါတယ်။

(Photo: AP)

အပိုင်း ၉ ပိုင်းပါဝင်တဲ့ Squid Game ဟာ ပါဝင်ယှဥ်ပြိုင်သူတွေက တောင်ကိုရီးယား ရိုးရာကလေးကစားနည်းတွေကို အခြေခံထားတဲ့ ကစားနည်းများ ကစားရပါတယ်။ ရှုံးနိမ့်သူတွေဟာ အသတ်ခံရပြီး အသက်ရှင်ကျန်ရစ်တဲ့ အနိုင်ရသူက ကိုရီးယားဝမ်ငွေ ၄၅.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၈.၅၈ သန်း) ဆုကြေးငွေရရှိတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။


Squid Game ကို ပြီးခဲ့တဲ့လအတွင်း စတင်ထုတ်လွှင့်ခဲ့ပြီးနောက် Netflix ရဲ့ ကမ္ဘာတစ်ဝန်း ကြည့်ရှုသူအများဆုံးနဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွဲ ဖြစ်လာခဲ့ပါတယ်။ Bloomberg ရဲ့ အဆိုအရ Squid Game ဇာတ်လမ်းတွဲ ရိုက်ကူးထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၂၁.၄ သန်း ဖြစ်တယ်လို့လည်း သိရပါတယ်။

(Photo: Netflix)

Squid Game ကို စတင်ထုတ်လွှင့်ခဲ့တဲ့ ၂၃ ရက်အတွင်း ကြည့်ရှုသူ ၁၃၂ သန်းက အနည်းဆုံး ၂ မိနစ်ကြာ ကြည့်ရှုခဲ့ကြတယ်လို့ ဆိုပါတယ်။ Squid Game က ယခင် စံချိန်တင်ထားခဲ့တဲ့ ဗြိတိန်ဇာတ်လမ်းတွဲ Bridgerton ရဲ့ ၂၈ ရက်အတွင်း ကြည့်ရှုမှု ၈၂ သန်းကို အလွယ်တကူ ကျော်တက်သွားခဲ့ပြီး စံချိန်သစ်တင်ခဲ့ပါတယ်။

အစောပိုင်းမှာ Netflix က Squid Game ကို ၂၇ ရက်အတွင်း ကြည့်ရှုမှု ၁၁၁ သန်းရှိခဲ့တယ်လို့ ထုတ်ပြန်ထားခဲ့ပေမဲ့ ထိုကိန်းဂဏန်းတွေက အချက်အလက်အဟောင်းတွေပေါ်မှာ အခြေခံခဲ့တာဖြစ်ကြောင်း Bloomberg က ပြောပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် Los Gatos မြို့အခြေစိုက် Netflix ရဲ့ ခန့်မှန်းအချက်အလက်တွေအရ Squid Game ကို စတင်ထုတ်လွှင့်ပြီး ပထမ ၂၃ ရက်အတွင်း စကြည့်မိသူ ၈၉ ရာခိုင်နှုန်းဟာ အပိုင်းတစ်ပိုင်းထက် ပိုကြည့်ရှုကြပြီး ၆၆ ရာခိုင်နှုန်းက အပိုင်းအားလုံးပြီးတဲ့အထိ ကြည့်ရှုခဲ့ကြကြောင်း Bloomberg က ဖော်ပြပါတယ်။

(Photo: Netflix)

Bloomberg က ဖော်ပြတဲ့ သတင်းနဲ့ပတ်သက်ပြီး Reuters သတင်းဌာနက Netflix ကို မှတ်ချက်ပေးရန် မေးမြန်းခဲ့ပေမဲ့ ချက်ချင်း အကြောင်းမပြန်ခဲ့ဘူးလို့ ဆိုပါတယ်။ Netflix ရဲ့ ရှေ့နေတစ်ဦးကတော့ Bloomberg အနေနဲ့ ၎င်းတို့ ရရှိခဲ့တဲ့ စာရွက်စာတမ်းထဲမှ လျှို့ဝှက်အချက်အလက်တွေကို ထုတ်ဖော်ပြောခြင်းဟာ မသင့်လျော်ဘူးလို့ ပြောပါတယ်။ Squid Game ဟာ အမေရိကန်နိုင်ငံမှာလည်း Netflix ရဲ့ ကြည့်ရှုမှုအများဆုံး ပထမဆုံး ကိုရီးယားဇာတ်လမ်းတွဲ ဖြစ်လာခဲ့ပြီး ကိုရီးယားကို လေ့လာနေသူတွေကြားမှာပင် စိတ်ဝင်စားမှုတွေ မြင့်တက်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က