ဖူးစုံက မတည့်အတူနေ တူမလေး အခရာအကြောင်းပြောပြလာပါတယ်။ တူမလေးက အနုပညာနဲ့ ပတ်သက်ပြီး ဝါသနာပါတဲ့ စိတ်လေးကိုလည်း မြင်နေရတယ်လို့ဆိုပါတယ်။
Photo: Phu Sone
ဖူးစုံက သူမရဲ့ တစ်ဦးတည်းသော တူမလေး အခရာအကြောင်းကို ပြောပြလာပါတယ်။ အရမ်းချစ်လွန်းလို့ အမြဲတမ်း စနောက်နေတတ်တာကြောင့် တူဝရီးနှစ်ယောက် မတည့်ဘူးလို့ သဘောကျရယ်မောရင်း Duwun Media ကနေပြောပြခဲ့ပါတယ်။
‘’ ကိုယ်နဲ့သူနဲ့ကကျတော့ သူငယ်ချင်းလိုဖြစ်နေတယ်။ သိပ်မတည့်ဘူး။ ရန်ပဲဖြစ်နေတာ။ တစ်ခါတလေ သူ့အမေက တည့်အောင်နေပါဦးလို့ပြောရတယ်။ နေတာက နေပါတယ်။ ဒါပေမယ့် ကိုယ်က စချင်တာ များနေတာ။ ကိုယ်က ကလေးချစ်တယ်။ ချစ်ပြီးရင်လေ ကလိရမှနော်။ စကားအကောင်းပြောနေရင် ၁၀ခွန်းမှာ ၉ ခွန်းလောက်ဆိုရင် အစ်မက စတာ။ အဲဒါဆိုရင် နင်က ရန်စတာကို ကလေးက စိတ်ဆိုးမှာပေါ့ ဆိုတာပေါ့’’ လို့ ဆိုပါတယ်။
Photo: Phu Sone
အခုဆိုရင်တော့ ဖူးစုံရဲ့တူမလေးက ကျောင်းနေတဲ့ အရွယ်ကိုရောက်နေပြီလို့ဆိုပါတယ်။ အဒေါ်ဖြစ်သူကို ဆက်ဆံတဲ့ပုံစံလေးကလည်း ပြောင်းလဲသွားပြီလို့ ပြောပါတယ်။
‘’ကျောင်းတက်နေပြီဆိုတော့လေ အိမ်မှာနေတဲ့အချိန်ကလည်း နည်းသွားတယ်ပေါ့နော်။ သူနဲ့ကိုယ်နဲ့က အမြဲတမ်းမတည့်ဘူး သူ့အစား ကိုယ့်ကိုယ်မကျွေးဘူး။ ကိုယ့်အစားလည်း သူ့ကို မကျွေးဘူးပေါ့။ အခုတော့ သူနည်းနည်းလေး ကြီးသွားလို့လား မသိဘူး။ အဒေါ်ကို အဒေါ်မှန်းသိလာတယ်’’ ဆိုပြီးတော့ ဇွန်လ ၂၀ ရက်နေ့က ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ရဲ့ မွေးနေ့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Phu Sone
အခရာ ဟာ အနုပညာနဲ့ ပတ်သက်ပြီး ဝါသနာပါတဲ့သူတစ်ယောက်ဖြစ်တယ်လို့ ဖူးစုံက ပြောပါတယ်။ တီဗီကြော်ငြာတွေ ကြည့်ရတာလည်း ကြိုက်တယ်လို့ ဆိုပါတယ်။
‘’ သူကလေ စာရေးတယ်၊ သူ့ဘာသာသူ အာရုံတစ်ခုပြောင်းတယ်ပေါ့နော်။ ပြီးတော့ ပန်းချီတွေဆွဲတယ်၊ သူ့ဘာသာသူ ထမင်းချက်တယ်၊ ဟင်းချက်တယ်၊ ဆော့နေတာပဲ။ အိုက်တင်တွေ လုပ်တာမျိုးတော့ သိပ်မရှိဘူး။ အခုတော့ သူက ဘဲလေးကနေတယ်။ ဘဲလေးအကသင်နေတာပေါ့နော်။ ကြော်ငြာတွေလာရင်တော့ ထွက်ထွက်ကြည့်တယ်။ ဒါကတော့ သူ့ရဲ့ အနုပညာ စိတ်ဓာတ်လေးကို တွေ့ရတာပေါ့နော်’’ လို့ သူကဆိုပါတယ်။
Photo: Phu Sone
ဖူးစုံကိုတော့ Music Video တွေ၊ တီဗီကြော်ငြာတွေ၊ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေ ကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။ သူမက လက်ရှိမှာတော့ ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးဖြစ်နေတာ တွေ့ရပါတယ်။ ဖူးစုံရဲ့ တူမလေး အခရာကိုလည်း အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေရှိလာပါပြီ။ ဖူးစုံရဲ့ တူမလေးဖြစ်တာကြောင့်လည်း ပရိသတ်ပို သတိထားမိခဲ့ကြတာပါ။