လူရွှင်တော်ကြီးဟာသသရုပ်ဆောင် ဦးမိုးဒီကတော့ ရွှေဂုံတိုင် SSC ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ သူဟာ ကျန်းမာရေး မကောင်းတဲ့ကြားက ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်နေသူ ဖြစ်ပါတယ်။
Photo : ဝင်းမြိုင်
လူရွှင်တော်ကြီး ဦးမိုးဒီကတော့ သွေးပေါင်ချိန်တွေကျပြီး ရုတ်တရက် ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။ ရွှေဂုံတိုင်မှာ ရှိတဲ့ SSC ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သရုပ်ဆောင် ဦးဝင်းမြိုင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
“S.S.C ဆေးရုံတွင်တက်ရောက် ကုသမှုခံယူနေသော ဘဘ ဦးမိုးဒီအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဆေးကုသစရိတ်ထောက်ပံ့ငွေ သွားရောက်ပေးအပ်ခဲ့ပါသည်” ဆိုပြီး ဇူလိုင်(၂၄) ရက်နေ့က ဦးဝင်းမြိုင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။
Photo : ဝင်းမြိုင်
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဘက်ကလည်း ဦးမိုးဒီအတွက် ဆေးကုသစရိတ်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။လူရွှင်တော်ကြီး ဦးမိုးဒီဟာ ကျန်းမာရေး မကောင်းတဲ့ ကြားထဲက သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူ ဖြစ်ပါတယ်။
မကြာသေးခင်ကလည်း ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေရင်းနဲ့ အမောဖောက်တယ်လို့ ရန်ကုန်ပြန်လာပြီး ဆေးကုသမှု ခံယူခဲ့ရပါသေးတယ်။ဦးမိုးဒီရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိုးရိမ်နေကြပါတယ်။
Photo : ဝင်းမြိုင်
သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ခံစားချက်တွေကိုလည်း Duwun Media ကနေ ပြောပြလာပါတယ်။
‘’ကုသိုလ်ပဲ လုပ်ရမှာ။ နေဖို့ထက် သေဖို့ပေါ့။ သေဖို့အချိန်က နီးသွားပြီလေ။ နေခဲ့တဲ့ အချိန်ကလည်း များသွားပြီ။ ဘယ်နေ့မှာ ဘဝနိဂုံးချုပ်မလဲ မသိဘူးပေါ့။ မသေခင်မှာ တတ်နိုင်သမျှ ကုသိုလ်များများရအောင်လို့ လုပ်ရင်း ဒီလိုပဲ အချိန်တွေကို ကုန်ဆုံးရမှာပေါ့လေ’’ လို့ သူက ဇွန်လတုန်းက ဖြေဆိုပေးခဲ့တာပါ။
မိုးဒီကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပါတယ်။ တီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားသူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၄၀ ကျော် ရှိပြီဖြစ်ပါတယ်။