ဘုန်းကြီး အပါအဝင် စုစုပေါင်း ၈ ယောက် အဖမ်းခံခဲ့ရပါတယ်။

စစ်တွေမြို့က ဘုန်းကြီးကျောင်းတစ်ခုကို ရဲတွေဝင်ရောက်ရှာဖွေခဲ့ရာမှာ သီတင်းသုံးနေတဲ့ ဘုန်းကြီးတစ်ပါးဆီကနေ စိတ်ကြွဆေးပြား တစ်သောင်းကျော် ဖမ်းဆီးရခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကသိရပါတယ်။



Photo - မြန်မာနိုင်ငံရဲတပ်ဖွဲ့



အများပြည်သူ လာရောက်အပန်းဖြေတဲ့ စစ်တွေမြို့၊ ပွိုင့်အပန်းဖြေစခန်းမှာ နေ့ရောညပါ မူးယစ်ဆေးဝါးတွေ သုံးစွဲရောင်းချနေကြတယ်လို့ သတင်းပေးတိုင်ကြားချက်အရ မူးယစ်ဆေးဝါးဖမ်းဆီးရေး အထူးတပ်ဖွဲ့ဝင်တွေက အသွင်ယူစုံစမ်းစေခဲ့တာမှာ သြဂုတ်လ ၇ ရက်နေ့ ကပွိုင့်အပန်းဖြေစခန်းကို မူးယစ်ဆေးဝါးများရောင်းချဖို့ လာတဲ့ ကျော်သူရဦး(ခ)သူရချေကို စိတ်ကြွရူးသွပ်ဆေးပြား (၂၁၄) ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။



အဲ့ဒီနောက် ကွင်းဆက်တရားခံတွေကို ဆက်လက်ဖမ်းဆီးခဲ့ရာမှာ စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်၊ မဏိရတနာဘုန်းတော်ကြီးကျောင်းတိုက်က ဦးဥတ္တမသီရီဆီကနေ စိတ်ကြွရူးသွပ်ဆေးပြား(၁၀၁၀၀)ပြားကို မိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။



ဒါ့အပြင် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက အနီးကပ်ကြီးကြပ်ပြီး မူးယစ်ဆေးဝါးဖမ်းဆီးရေး အထူးတပ်ဖွဲ့ဝင်တွေနဲ့ ဖမ်းဆီးဆောင်ရွက်ခဲ့ရာမှာ စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ မင်းစောမွန်လမ်းနေ စိုးစိုးအေးဆိုသူအား စိတ်ကြွရူးသွပ်ဆေးပြား (၁၈၃၄)ပြား၊ စိုးစိုးအေးရဲ့နေအိမ်မှာ ကျော်မင်းထွန်းဆိုသူကို စိတ်ကြွရူးသွပ်ဆေးပြား (၁၇)ပြားနဲ့ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။



ဆက်လက်ပြီး စစ်တွေမြို့၊ လမ်းမတော်မြောက်ရပ်ကွက်၊ ရွှေပြားကမ်းနားလမ်းနေ ခိုင်မင်းဆိုသူဆီကနေ စိတ်ကြွရူးသွပ်ဆေးပြား (၈၀၃၅)ပြား ဖမ်းဆီးရမိခဲ့ပြီး ခိုင်မင်းထံက ဖမ်းဆီးရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေဟာ အောင်စံမြဆိုသူတဲ့သူဆီက ရတယ်လို့ဆိုတာကြောင့် အောင်စံမြအားဖမ်းဆီးထားတယ်လို့ သိရပါတယ်။



ဒါကြောင့် စုစုပေါင်း ဖမ်းဆီးရမိမှာ အမှု (၆)မှု၊ တရားခံ ကျား(၇)ဦး၊ မ(၁)ဦး စိတ်ကြွရူးသွပ်ဆေးပြား (၂၀၂၀၂) ပြား၊ ကာလတန်ဘိုး (၆၀,၆၀၆,၀၀၀)ကျပ်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က