ကျော်ကျော်ဗို က ဘဝမှာ အပင်ပန်းဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ‘’စစ်ကား’’ရုပ်ရှင်ကားကြီးကိုရိုက်ကူးခဲ့ပြီလို့ ဆိုပါတယ်။ ဒီဇာတ်ကားရိုက်ကူးရေးက အတွေ့အကြုံတွေကိုလည်း ပြန်လည်ပြောပြလာပါသေးတယ်။
Photo: Kyaw Kyaw Bo
ကျော်ကျော်ဗို ကတော့ ‘’စစ်ကား’’ရုပ်ရှင်ကားကြီး ရိုက်ကူးဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေ ပြောပြခဲ့ပါတယ်။ သူ့အတွက် ခက်ခဲ ခဲ့ပါတယ်ဆိုတဲ့ ‘’မုန်းစွဲ’’ရုပ်ရှင်ကားကြီးထက် အများကြီးကြိုးစားပြီးရိုက်ခဲ့ရတယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။
‘’ ကျွန်တော်တို့က ဝတ်စုံ တစ်စုံတည်းနဲ့ရိုက်ရတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်တော့ မိုးတွေက ရွာတဲ့ အခါမှာ စိုစိ စိုစိ နဲ့ အနာတွေလည်းပေါက်တယ်။ နေတိုးနဲ့တောင်ပြောဖြစ်သေးတယ်။ မုန်းစွဲဇာတ်ကားထက် ၃ ဆ လောက်ပိုပင်ပန်းတဲ့ဇာတ်ကားပေါ့နော်။ ဘဝမှာလေ တော်တော်ပင်ပင်ပန်းပန်းကို ရိုက်ရတယ်။ ဗွက်တွေ၊ ရွံ့တွေ တောထဲလည်း သွားရတယ်၊ မျှော့တွေ၊ ကျွတ်တွေတောလည်း တိုးရတယ်၊ တောတွေထဲလည်း သွားရတယ်။ ချောက်ကမ်းပါးတွေထဲလည်း ခုန်ချရတယ် တော်တော်လေးကို ပင်ပန်းခဲ့ကြတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၉ ရက်နေ့က ''မှောင်တိုက်''ရုပ်ရှင်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Kyaw Kyaw Bo
‘’စစ်ကား’’ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကွင်း တည်နေရာကိုလည်း ပဲခူးရိုးမ ဘက်ခြမ်းမှာပဲ သွားရောက် ရိုက်ကူးထားတာဖြစ်တယ်လို့ ကျော်ကျော်ဗို က ဆက်လက်ပြောပြခဲ့ပြန်ပါသေးတယ်။
‘’ တောထဲမှာတော့ မနေဘူးပေါ့နော်။ ကျွန်တော်တို့က ၁၁၅ မိုင်မှာ အခြေချပြီးတော့ အဲဒီပတ်ဝန်းကျင်မှာပဲ သွားရိုက်တာပေါ့။ ပဲခူးရိုးမလည်းရှိတယ်ဆိုတော့ အဲဒီတောထဲတွေမှာပဲ တိုးရိုက်ကြတာပေါ့။ ပရိသတ်တွေ အတွက်ကတော့ တင်ပြမှုတွေက အသစ်တွေ ဖြစ်မယ်။ ကျွန်တော်တို့ ကြိုးစားထားတာတွေကလည်း တင့်တောင့် တင့်တယ်၊ အရာထင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်’’ လို့ ဆိုပါတယ်။
Photo: Kyaw Kyaw Bo
‘’စစ်ကား’’ရုပ်ရှင်ဇာတ်ကားကြီးကို 7th Sense Film Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ကိုပေါက် က ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၀ ရက်နေက စပြီး ချောက် မြို့နဲ့ ကယားပြည်နယ်တို့မှာ သွားရောက်ရိုက်ကူးမယ်လို့ သိရပါတယ်။ ‘’စစ်ကား’’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နေတိုး၊ ကျော်ကျော်ဗို၊ ရွှေထူး၊ ထူးအောင်၊ အေးမြတ်သူ နဲ့ နွယ်ဒါလီထွန်း တို့က အဓိက ပါဝင်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
Photo:Sniper
နိုင်ငံကျော် ရွှေမန်းဦးတင်မောင်၊ ဝါရင့်သရုပ်ဆောင်ကြီး ဦးညွှန့်ဝင်းတို့ရဲ့ အနုပညာမျိုးဆက်တွေထဲမှာ ကျော်ကျော်ဗိုလည်း တစ်ဦး အပါအဝင်ဖြစ်ပါတယ်။ ကျော်ကျော်ဗိုရဲ့ အနုပညာသက်တမ်းကလည်း အနှစ် ၂၀ ကျော်သက်တမ်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်ဘက်မှာသာမက ဇာတ်သဘင်ဘက်မှာလည်း အနုပညာလှုပ်ရှားမှုတွေရှိခဲ့ပါသေးတယ်။ သူဟာ မကြာသေးခင်က ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ‘’ မုန်းစွဲ’’ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။