စစ်ကိုင်းကောင်းမှုတော်စေတီတော်ရဲ့လုံးပတ်တော် ဖောက်ထွင်းခံရတယ်ဆိုတာက ဂေါပကအဖွဲ့ရဲ့ဂုဏ်သိက္ခာကျဆင်းစေလိုတဲ့ရည်ရွယ်ချက်နဲ့ ကောလာဟလသတင်း
သာဖြစ်တယ်လို့ ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ဥက္ကဌဦးတင်မျိုးလွင်က Duwun ကိုပြောပါတယ်။
"လေပေါက်ဖွင့်တာကို ဌာပနာဖောက်တယ် လုံးပတ်တော်ဖောက်တယ်ဆိုပြီး မလိုတဲ့လူတွေက လိုင်းပေါ်တင်ရေးလိုက်တော့ ဇာတ်လမ်းကရှုပ်သွားတာပါ၊ ဂေါပကအဖွဲ့ရဲ့ဂုဏ်သိက္ခာကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိနဲ့
လုပ်တာပါ" လို့ ၎င်းကပြောပါတယ်။
အခုရက်ပိုင်းအတွင်း အွန်လိုင်းစာမျက်နှာပေါ်ပျံ့နှံ့ခဲ့တဲ့ စစ်ကိုင်းကောင်းမှုတော်ဘုရားကြီးလုံးပတ်တော်အား ဂေါပကအဖွဲ့က ဖောက်ထွင်းမှုပြုလုပ်နေတယ်ဆိုတာနဲ့ပတ်သက်လို့ ဂေါပကအဖွဲ့ဥက္ကဌဆီ Duwun ကဆက်သွယ်မေးမြန်းမှုအပေါ် ၎င်းကပြန်လည်ဖြေကြားပေးတာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့လည်း တရားဝင်ပြန်လည်ဖြေရှင်းထားပြီးဖြစ်တယ်လို့သိရပါတယ်။
"ဒီနေ့လည်း လွှတ်တော်ကိုယ်စားလှယ်တွေ ပဲခူးတိုင်းကဧည့်သည်လွှတ်တော်ကိုယ်စားလှယ်တွေလာသွားပါသေးတယ် အေးအေးဆေးဆေးပါ ဘာမှမဖြစ်ပါဘူး ကောလာဟလတွေပါ" လို့လည်း ၎င်းကပြောပါတယ်။
စစ်ကိုင်းမြို့က ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်အား အဖြူရောင်ဆေးသင်္ကန်းကပ်လှူခြင်းကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဒီဇင်ဘာ ၁၂ ရက်နေ့က စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အဲဒီလုပ်ငန်းစဉ်ထဲမှာ စေတီတော်ရဲ့လုံးပတ်တော်ရဲ့ရှိပြီးသားလေဝင်လေထွက်ပေါက်တွေကို ရှာဖွေတဲ့လုပ်ငန်းစဉ်လည်းပါဝင်တယ်လို့သိရပါတယ်။
ဒါဟာ စေတီတော်ရေရှည်ကြံ့ခိုင်စေရေးအတွက် ထည့်သွင်းစဉ်းစားပြီးလုပ်ဆောင်ခဲ့တာဖြစ်တယ်၊ စေတီတော်ရဲ့ဝန်းကျင်အနေအထားက တောင်ဘက်မှာကောင်းမှုတော်အင်း၊ မြောက်ဘက်မှာ ရှေးဟောင်းသမိုင်းဝင်
မေတ္တာရေကန်တို့ရှိနေတာမို့လို့ စေတီတော်ဟာရေငွေ့ပျံတဲ့အနေအထားဖြစ်ပြီး အရင် ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ခဲ့စဉ်က ပြင်ပကမိုးရေမဝင်ရောက်နိုင်စေဖို့အတွက် ရေပိတ်လွှာတွေကပ်လှူခဲ့တာကြောင့် ရေငွေ့ပျံတာမျိုးမရှိတဲ့အတွက် ရွှေဆေးတွေအချပ်လိုက်ကွာကျခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် စေတီတော်ရဲ့အင်္ဂတေတွေအုတ်ချပ်တွေဆွေးမြေ့တာမျိုးတွေဖြစ်ခဲ့တာကြော့အင်ဂျင်နီယာကျွမ်းကျင်ပညာရှင်တွေရဲ့အကြံပြု
ချက်တွေနဲ့ပဲ လေဝင်လေထွက်ရရှိနိုင်မယ့်နည်းလမ်းတွေရှာဖွေခဲ့တယ်လို့ဆိုပါတယ်။
ဆေးဖြူသင်္ကန်းကပ်လှူနေစဉ်အတွင်းမှာလည်း အင်ဂျင်နီယာတွေရဲ့တွေ့ရှိချက်အရ ရှေးယခင်စေတီတော်တည်ထားခဲ့စဉ်တုန်းကလည်း လေဝင်လေထွက်ရစေဖို့အတွက် အောက်ခြေ ပထမပစ္စယံမှာ လေဝလေထွက်အပေါက်တွေဖောက်ထားတာကိုတွေ့ရကာစေတီတော်ရဲ့အောက်ခြေကျောက်တိုင်အတွင်း အရှေ့မုခ်တည့်တည့်မှာ မူလအတိုင်းအပေါက်တစ်ခုရှိပြီး ကျန်မုခ် ၃ ခုကလေထွက်ပေါက်မတွေ့ရဘဲ အင်္ဂတေတွေနဲ့ပိတ်ဖုံးထားတာကြောင့်ကျန်မုခ်သုံးခုမှာလည်း လေထွက် ပေါက်တွေရှိရမယ်လို့ ပညာရှင်တွေကသုံးသပ်ခဲ့ပြီး အဲဒီအပေါက်တွေကို ရှာဖွေဖို့ဂေါပကအဖွဲ့ကိုတင်ပြခဲ့တာကြောင့် ရှာဖွေခဲ့တာပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
"ဆေးဖြူသင်္ကန်းကပ်လှူတုန်းက အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်မဖော်နိုင်ခဲ့တာကို အဲဒီနေ့(ဖေဖော်ဝါရီ ၂၃ ရက်) ကပြန်လုပ်တာပါ အဲဒါကို ကောလာဟလတွေသတင်းလွှင့်ကြတာပါ" လို့ ဂေါပကဥက္ကဌ ဦးတင်မျိုးလွင်ကပြောပါတယ်။
Share