စစ်ကိုင်းမြို့ရဲ့အထင်ကရပွဲတော်တစ်ခုဖြစ်တဲ့ ဘဲဥထုပွဲတော်ကို မနေ့ကညပိုင်းမှာပဲ စတင်ကျင်းပနေပြီဖြစ်ပါတယ်။ စစ်ကိုင်းမြို့ ဧမြဝတီရပ်ကွက် ဇိနမာရ်အောင်လောကချမ်းသာ(ကြေးဘုရားကြီး) ဗုဒ္ဓပူဇနိယပွဲတော်နဲ့အတူ ကျင်းပလေ့ရှိတာပဲဖြစ်ပြီး ဘယ်မြို့ဘယ်နယ်ဘယ်ဒေသမှာမရှိဖူးသေးတဲ့ ထူးထူးခြားခြားပွဲတော်တစ်ခုဖြစ်တယ်လို့ စစ်ကိုင်း မြို့ဒေသခံတွေကဆိုကြပါတယ်။
"အင်းဝခေတ်ကလှေတော်သားတွေ အပျော်တမ်းကစားကြတာကနေ အစဉ်အလာဖြစ်လာတာလို့လည်းပြောကြတာပဲ၊ ဘဲဥကိုလက်နဲ့ကိုင်ပြီး တစ်ယောက်တစ်လှည့် တစ်ယောက်က အအုပ်တစ်ယောက်ကထုရတဲ့အပျော်တမ်းကစားကြ တဲ့ပွဲပါ၊ ဒီကြေးဘုရားကြီးဗုဒ္ဓပူဇနိယပွဲကတော့ ဒီနှစ် ၁၁၄ ကြိမ်မြောက်ကျင်းပတာပါ၊ ဘဲဥထုပွဲဆိုတာလည်း ဘုရားပွဲတော်နဲ့အတူကျင်းပလာကြတာပါ။" လို့ ကြေးဘုရားကြီးမင်းကျောင်းဆရာတော်ဦးပဏ္ဍဝကမိန့်ပါတယ်။
စစ်ကိုင်း ဧမြဝတီရပ်ကွက်အတွင်း တည်ထားကိုးကွယ်ထားတဲ့ ကြေးဘုရားကြီး(ဇိနမာရ်အောင်လောကချမ်းသာ)အနီးက ပဲ့နင်းစေတီတော်ပရဝုဏ်မှာ နှစ်စဉ်တပို့တွဲလပြည့်ရက်ရောက်တဲ့အခါတိုင်း ဘုရားပွဲတော်နဲ့အတူ ကျင်းပလေ့ရှိကြတာဖြစ်ပြီး အခုအခါမှာတော့ တပို့တွဲလဆန်း ၁၄ ရက်ကနေ တပို့တွဲလပြည့်ကျော်တစ်ရက်နေ့အထိ ကျင်းပလာကြတာပါ။
ဘဲဥတွေကိုပြုတ်ပြီး တောင်းနဲ့သယ်လာတာပေါ့၊ အရင်တုန်းကတော့ ရေနံဆီမီးခွက်လေးတွေထွန်းပြီး ကစားကြတာပါ၊ အခုတော့ ဖယောင်းတိုင်မီးနဲ့ပေါ့၊ ဘဲဥထုပွဲဆိုရင် တစ်ချို့က လူကိုဘဲဥနဲ့ထုတဲ့ပွဲလားလို့မေးကြတယ်၊ တကယ် က လူနှစ်ယောက်ဘဲဥတစ်ယောက်တစ်လုံးဆီကိုင်ပြီး ဘဲဥကိုဘဲဥနဲ့ထုကြတာပါ၊ သာသာလေးထုကြတာပါ၊ အက်သွားတဲ့ပိန်သွားတဲ့ဘဲဥကအရှုံးပဲ၊ နိုင်တဲ့လူကအဲဒီဘဲဥပိုင်သွားတာပေါ့။ အပျော်ကစားကြတာပါ၊လို့ ဘဲဥထုပွဲတော်မှာ ဘဲဥလာရောင်းတဲ့ဈေးသည်တစ်ဦးကပြောပါတယ်။
ဘဲဥထုပွဲတော်မှာ တစ်ညကို ဘဲဥအရောင်းဆိုင်လေးငါးဆယ်ခန့်လာရောက်ရောင်းချလေ့ရှိကြပြီး ဘဲဥအလုံးရေသောင်းဂဏန်းအထိ အရောင်းအဝယ်ဖြစ်ကြတယ်လို့လည်းသိရပါတယ်။
မြို့တည်နန်းတည်နှစ်ပေါင်းခုနှစ်ကျော်သက်တမ်းရှိနေပြီဖြစ်တဲ့ စစ်ကိုင်းမြို့မှာ နှစ်ပေါင်းတစ်ရာကျော် အင်းဝခေတ်ကစလို့ ဒီပွဲတော်ဖြစ်ပေါ်လာတာလို့ ရှေ့မီနောက်မီတွေပြောစကားအရသိရပြီး အခုအချိန်အထိ ဒေသဓလေ့ပွဲတော်အ ဖြစ်ဆက်လက်ကျင်းပနေကြတာပါ။
"အရင်ဦးဆုံးဘဲဥဝယ်၊ ဘဲဥမှာအနာပါလားမပါလားအရင်စစ်ကြပေါ့၊ ပြီးရင်တစ်ယောက်တစ်လှည့်ထုကြတာပါပဲ၊ ပိန်ရာအက်ရာထင်သွားတဲ့ဘဲဥကရှုံးတယ်ပေါ့၊ တစ်ချို့ကလည်း လောင်းကစားလို့ထင်ကြတယ် တကယ်က အပျော်တမ်းကစားကြတာပါ၊ အများကြီးနိုင်လာရင်တော့ အဲဒီရက်အတွင်း အိမ်မှာ ဘဲဥပဲချက်စားကြတော့တာပေါ့။"လို့ ဘဲဥထုပွဲကစားသူ ကိုထွန်းလှကပြောပါတယ်။
စစ်ကိုင်းဘဲဥထုပွဲတော်ကို ဖေဖော်ဝါရီ ၁၉ ရက်(တပို့တွဲလပြည့်နေ့) နဲ့ မနက်ဖြန် ဖေဖော်ဝါရီ ၂၀ ရက်(တပို့တွဲလပြည့်ကျော်တစ်ရက်နေ့) နှစ်ညဆက်လက် ကျင်းပသွားမှာပါ။