စစ်ကိုင်းတိုင်းဒေသကြီး ကျောက်တာကျေးရွာအုပ်စု တောင်ညိုရွာသစ်က ကျောက်ထုတ်လုပ်ငန်းတစ်ခုမှာ ကျောက်တောင်ပြိုကျတာကြောင့် လူ ၃ ယောက်သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။
Photo - စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့
ဇန်နဝါရီလ ၂၈ ရက် မနက် ၉ နာရီလောက်မှာ တောင်ညိုရွာသစ်က ကောျက်ထုတ်စခန်း တောင်ပြိုကျခဲ့တာဖြစ်ပြီး အထဲမှာ လူ ၄ ယောက် ပိမိခဲ့ရာမှ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးခဲ့တာပါ။
"ပိမိတာ ၄ ယောက်ပါ။ အဲဒီထဲကမှ ကိုချက်ဖောင်းဆိုတဲ့ သူကိုတော့ ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံပို့နိုင်ခဲ့ပါတယ်။"လို့ ရွှေမင်းဝံ အရံမီးသတ်တပ်ဖွဲ့မှူးဦးအောင်မြင့်ထွန်းက Duwun ကိုပြောပါတယ်။
Photo - စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့
သေဆုံးသူတွေဟာ သက်လတ်ပိုင်းတွေဖြစ်ပြီး အနီးအနားရွာမှ ဒေသခံတွေပဲဖြစ်တယ်လို့ သူက ဆက်လက် ပြောပါတယ်။ လတ်တလောမှာတော့ အခြားသူတွေ ပိမိနေဦးမလားဆိုတာ ဆက်လက် ရှာဖွေနေတယ်လို့လည်း ဇန်နဝါရီ ၂၈ ရက်နေ့လည် ၁ နာရီ ၁၀ မိနစ်မှာ ဦးအောင်မြင့်ထွန်းက Duwun ကို အတည်ပြု ပြောကြားခဲ့ပါတယ်။