စစ်ကိုင်းတံတားပေါ်ကနေ ခုန်ချသွားတဲ့ သားအဖနှစ်ယောက်ကို ဆက်လက်ရှာဖွေနေပေမယ့် အသက်ရှင်လျက် ပြန်တွေ့နိုင်ချေနည်းသွားပြီလို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) ရဲ့ တာဝန်ရှိသူက Duwun ကိုပြောပါတယ်။
Photo -SERT
မျက်လုံးကင်ဆာဖြစ်နေတဲ့ သမီးဖြစ်သူကို ကုသဖို့ ငွေမတတ်နိုင်တာကြောင့် သားအဖနှစ်ဦးလုံး စစ်ကိုင်းတံတားဟောင်းကနေ ခုန်ချသွားမှု ဇန်နဝါရီ ၂၇ ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီခုန်ချမှုကို သိသိချင်း စတင်ရှာဖွေခဲ့ပြီး ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်း ၁၀ နာရီ ကနေ စတင်ပြီးရှာဖွေမှုတွေ လုပ်ဆောင်ပေးခဲ့ပေမယ့် ၃ ရက်ကြာတဲ့ အထိ ပြန်မတွေ့သေးပါဘူး။
"လူ အင်အား ၁၁ ယောက်နဲ့ အစုန်အဆန်ရှာ ဖွေမှုတွေပြုလုပ်နေပါတယ်။ ဒါပေမယ့် ဒီအနီးအနားနေရာတွေမှာလည်း အသက်ရှင်လျက် မျောပါသွားတယ်ဆိုတဲ့ အသံတွေတော့ မကြားရပါဘူး။ ၇ ရက်လောက်ကြာတဲ့အထိ ဆက်ပြီးရှာဖွေသွားပါမယ်။"လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) က ကိုစိုးမင်းဦးက Duwun ကိုပြောပါတယ်။
တံတားပေါ်ကနေ ခုန်ချသွားတဲ့ သားအဖနှစ်ဦးမှာ ဦးစိုးမင်းသိန်းအသက် (၄၀)နှစ်နဲ့ မဖြူစင်သွယ် အသက်(၄)နှစ်တို့ ဖြစ်ကြောင်းနဲ့ ၎င်းတို့ဟာ မန္တလေးတိုင်း၊ ကန်ပတ်လမ်း၊ ဝါဆိုကျောင်းတိုက်အနီးမှာ နေထိုင်ကြတာဖြစ်ပြီးတော့ ခုန်ချခဲ့သူရဲ့ ဇနီးဖြစ်သူက ကျန်ခဲ့တယ်လို့ သိရပါတယ်။