လူတစ်ယောက်ဟာ အစားကောင်းစားရတဲ့အခါ ချစ်ရတဲ့သူတွေကို သတိရသလို၊ ပစ္စည်းကောင်းသုံးရတဲ့အခါ မှာလည်း ကိုယ်ချစ်ရသူတွေကို အဲ့ဒီပစ္စည်းလေးကောင်းကြောင်း ပြန်လည်ဝေမျှပြောဆိုချင်တဲ့ စိတ်လေးရှိတတ်ကြပါတယ်။ ခုနောက်ပိုင်းမှာတော့ အွန်လိုင်းကနေ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်အကြောင်း၊ အဲ့ဒီနယ်ပယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတဖြစ်ဖွယ်၊ သိထားသင့်တဲ့အချက်၊ ဆောင်ရန်ရှောင်ရန် စတာတွေကို ပို့စ်လေးတွေ၊ VLog လေးတွေကနေတစ်ဆင့် ကိုယ်ချစ်ရတဲ့ သူငယ်ချင်း၊ မိတ်ဆွေနဲ့ ကိုယ့် Follower တွေအတွက် ထဲထဲဝင်ဝင်ပြန်လည်မျှဝေပေးတဲ့ Blogger တွေ အများကြီးပေါ်လာခဲ့ပါပြီ။ သူတို့ရဲ့ စစ်မှန်တဲ့အကြောင်းအရာတွေ ပြန်လည်ဝေမျှမှု၊ သုံးသပ်ပြောဆိုမှုတွေ၊ အကြံဉာဏ်တွေကြောင့်လည်း အွန်လိုင်းအသုံးပြုသူတွေဟာ ပိုမိုလွယ်ကူပြီးအဆင်ပြေတဲ့ နေ့စဉ်ဘဝတွေကို ပိုင်ဆိုင်လာနိုင်ခဲ့ကြတယ်ဆိုတာ ငြင်းလို့မရပါဘူး။
Blogger တွေအကြောင်း ပြောရရင် မြန်မာနိုင်ငံမှာ အနုပညာရှင်တွေနဲ့တန်းတူ လူအများကို လွှမ်းမိုးပြောဆိုနိုင်တဲ့ Influencer ၊ နယ်ပယ်အသီးသီးက Blogger တွေကို လူတွေ အသိအမှတ်ပြုလာကြတာ လွန်ခဲ့တဲ့သုံးနှစ်အတွင်းလောက်ကမှပါ။ ဒါတောင်မှ ရန်ကုန်ကလွဲရင် အခြားမြို့တွေမှာတော့ နယ်ပယ်တစ်ခုရဲ့ ဘလော့ကာတစ်ယောက်အနေနဲ့ ရပ်တည်ဖို့ဆိုတာ တော်တော်လေး ခက်ခဲတဲ့အချိန်ပါပဲ။ အဲ့ဒီအချိန်မှာ မန္တလေးမြို့ရဲ့ ဘလော့ကာတွေထဲ တစ်ဦးဖြစ်တဲ့ Share & Care By Nyo Me ရဲ့ ပဲ့ကိုင်ရှင် Food Blogger ေဟမာညိုလွင်ကတော့ တစ်နေ့မှာ ကိုယ့်မြို့ကိုယ်စားပြုပြီးပွဲတွေတက်နိုင်အောင်၊ ၊ ရန်ကုန်နည်းတူ တိုးတက်အောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ Food Blogger အဖြစ်ရပ်တည်ရင်း သူမတတ်စွမ်းသလောက် မန္တလေးက Blogger အသိုင်းအဝိုင်းလေး ပိုမိုဖြစ်မြောက်လာအောင်၊ ဒါ့အပြင် အစားအသောက်ပိုင်းနဲ့ ပတ်သက်ရင်လည်း သူမသိသမျှ ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာတွေ၊ စားသောက်ဆိုင်အကြောင်း စတာတွေကို page လေးကနေ စဉ်ဆက်မပြတ် ဝေမျှပေးဖြစ်နေခဲ့သူပါ။
မမညိုလို့ လူသိများတဲ့ ဟေမာညိုလွင်ဆိုတဲ့ အမျိုးသမီးတစ်ယောက် ဘယ်လိုကနေ ဘယ်လို Food Blogger တစ်ယောက်ဖြစ်လာသလဲဆိုတဲ့ အကြောင်းလေးကလည်း စိတ်ဝင်စားစရာပါ။ အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး သူမက “Food Blogger အစဆိုရင် Online Shopping ကလို့ ပြောလို့ရမယ် ။ ၂၀၁၃လောက်က အဖေဆုံးပြီးတော့ Online Shop ကိုစပြီး စမ်းလုပ်ကြည့်တယ်။ အဲ့ဒီမှာ Customer တွေကို စျေးရောင်းတဲ့အခါ ကိုယ်တိုင် စမ်းကြည့်သေးဘဲနဲ့ကောင်းတယ်လို့ မပြောချင်တာနဲ့ ကိုယ်ရောင်းတဲ့ ပစ္စည်းလေးတွေ တော်တော်များများကို ကိုယ်တိုင်သုံးစွဲပြီးမှ Sharing လုပ်ပေးရင်း ရောင်းတယ်ပေါ့။ အဲ့ဒီကနေ စခဲ့တာ ။ Online Shopping Account & Page ဆိုတော့ ကိုယ်အချိန်ယူပြီး ရေးထားတဲ့ Review တွေကို စျေးရောင်း Post တွေက ဖုံးသွားတာနဲ့ပဲ ပျောက်ပျက်သွားမှာစိုးတဲ့စိတ်နဲ့ Blog ကို စတင်ခဲ့တာ ။ Beauty Tips လေးတွေနဲ့ စခဲ့ပေမယ့် Food အကြောင်းရေးတဲ့အခါမှာ လူစိတ်ဝင်စားမှုပိုရခဲ့တယ်။ ပြီးတော့ စာဖတ်သူတွေကိုယ်တိုင်က Food ပိုင်းကို ပိုရေးပေးဖို့ တောင်းဆိုကြတာနဲ့ Food ပိုင်းကို ပိုအားစိုက်ရင်း Food Blogger ဖြစ်လာရပါတယ်” လို့ ပြောပြပေးသွားပါတယ်။
အစားအသောက်နဲ့ စားသောက်ဆိုင်တွေအကြောင်း ရေးပေးတဲ့ Food Blogger တွေထဲမှာမှ သူမက သူများတွေသွားတဲ့ Trend နဲ့မတူဘဲ story teller ပုံစံမျိုးရေးသားမျှဝေပေးတဲ့သူပါ။ ဒါ့အပြင် သူမရဲ့ signature က ဘာဖြစ်မလဲ၊ သူမ page က စာတွေရဲ့ထူးခြားချက်က ဘာဖြစ်မလဲဆိုတာကိုတော့ သူမက
“Blogger တိုင်းကတော့ ကိုယ့် Style နဲ့ ကိုယ် ရှိကြတာပဲ ။ ကိုယ့်အတွက်တော့ Signature ဆိုရင် အဖွားနာမည်ကိုယူထားတဲ့ “မမညို” ဆိုတာလေးရယ် အမြဲပြုံးပျော်ပြီး ကူညီတတ်တာရယ်လို့ ထင်ပါတယ် ။ Blogger တော်တော်များများသွားတဲ့ Trend နဲ့ကိုယ်က မတူဘူး ။ ကိုယ်ကကျတော့ အသစ်တွေကို ရေးတဲ့သူမျိုး မဟုတ်ဘူး ၊ ကိုယ်က Story Teller။ ဆိုင်အသစ်တွေကိုရေးနေတာထက် ဆိုင်အဟောင်းတွေနဲ့ ရေရှည်ကြိုက်လာခဲ့တဲ့ဆိုင်တွေ ၊ တကယ့် Legendary ဆိုင်တွေက အစားအစာတွေအကြောင်းကို ရေးရတာ ပိုဝါသနာထုံတယ် ။ အသစ်တွေလည်း လုံးဝ မရေးဖြစ်ဘူးလားဆိုလည်း မဟုတ်ဘူး ၊ ကိုယ့်စာဖတ်သူတွေ အမြင်ဆန်းအောင် တခါတရံတော့ ထည့်ဖြစ်တယ် ။ ကိုယ့်စာတွေဖတ်တိုင်း သူတို့ဆီက ကြားရလေ့ ရှိတာက “အမ စာတွေဖတ်တိုင်း အမြဲတစ်ခုမဟုတ်တစ်ခု ရတယ်” ဆိုတာပဲ ။ အဲ့ဒီတော့ ကိုယ့်ဖက်ကလည်း အမြဲ သူတို့အတွက် တစ်ခုမဟုတ်တစ်ခုပါအောင် ၊ ပေးနိုင်အောင်ကြိုးစားရပါတယ်”တဲ့။
ဒီအလုပ်လုပ်ရင်း သူမအနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာအချိန်တွေ၊ ကိုယ့်ကိုဝေဖန်တာတွေလည်း ကြုံခဲ့ဖူးပါတယ်။ အဲ့ဒါတွေက ဘာတွေဖြစ်မလဲ၊ ပြီးတော့ ဒီလိုစိတ်အနှောင့်အယှက်ဖြစ်စရာတွေကို ဘယ်လိုကျော်လွှားခဲ့သလဲဆိုတဲ့အကြောင်းကိုတော့ သူမက “ဒီအလုပ်လုပ်ရင်း ပထမဦးဆုံး ကြုံရတာက - Food Blogger ဆိုတာ လွယ်ပါတယ်။ အစားစားတတ်ပြီး ကောင်းတယ်လို့ ညွှန်းတတ်ရင် ရပြီ ဆိုတဲ့ မှတ်ချက် ခဏခဏ ကြုံခဲ့ရတယ်။ သူတို့ပြောသလို ကောင်းတယ် ညွှန်းတတ်ရင် ရပြီဆိုပေသိ ဟိုးအရင်ကတည်းက မရိုးမသားမလုပ်ချင်တဲ့ စိတ်အခံရယ်၊ ကိုယ်ပြောတဲ့စကား ကိုယ်တာဝန်ယူရမယ်ဆိုတဲ့ အသိရယ်ကြောင့် ပြောသလောက် မလွယ်ကူခဲ့ပါဘူး ။ အခက်အခဲအများစုဆိုတာထက် တခါတလေ အစားစားချင်စိတ်ကို မရှိတော့တာရယ်၊ ငါ ဘာရေးရမလဲဆိုတာကို မသိတော့တဲ့အခါရယ် ကြုံရတာများတယ် ။ အဲ့ဒီအခါတွေဆို ခဏလောက် နားလိုက်တယ်။ ပြီးရင် ဒါဟာ ငါချစ်တဲ့အလုပ် ၊ လုပ်ခဲ့သမျှ အလုပ်တွေထဲ ကိုယ်နဲ့လည်း အလိုက်ဖက်ဆုံးအလုပ်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးပြီး ဖြတ်ကျော်ခဲ့ပါတယ်။” လို့ ပွင့်ပွင့်လင်းလင်း ပြောပြသွားပါတယ်။
သူမရေးတဲ့ပို့စ်တွေထဲ Share & Care By Nyo Me ဆိုတဲ့ page လေးရယ်လို့ လူသိများသွားစေခဲ့တဲ့ ပို့စ်လေးတွေ၊ Vlog လေးတွေကတော့ လှိုင်းပုတ်သံတွေနဲ့ မန္တလေးဆိုတဲ့ပို့စ်၊ Myanmar Restaurant Association Mandalay ကလုပ်တဲ့ ထမနဲပွဲအကြောင်း ရေးထားတဲ့ပို့စ်၊ The Pizza Company အတွက် မောင်လေး TZAFELIX နဲ့ ရိုက်တဲ့ Vlogနဲ့ ၊ ကလေးလေးတွေ အများကြီးနဲ့ စားကြတဲ့ Vlog လေးတွေလို့ သိရပါတယ်။
ဟေမာညိုလွင်ဟာ Blogger တစ်ယောက်အဖြစ်ရပ်တည်ရင်း ၂၀၁၈နှစ်လယ်လောက်ကစပြီး page တွေကို Manage လုပ်ပေးတဲ့ Digital Marketing ပိုင်းကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။ ဟိုးအရင်စခဲ့တဲ့အချိန်နဲ့ ခုလက်ရှိသူမ ဘာတွေကွာခြားသွားပြီလဲဆိုတဲ့အကြောင်း ကိုယ့်ကိုယ်ကိုယ်သုံးသပ်ပေးဖို့ ပြောတဲ့အခါမှာတော့
“စတုန်းက တာဝန်ယူရတာတွေကို သိပ်မသိဘူး ၊ ပြီးတော့ ဒါကို Professional ဆန်ဆန် လုပ်ရမှာတွေအတွက်လည်း သိပ်နားမလည်ဘူး ။ မကြိုက်တဲ့ဆိုင်ဆိုလည်း ရေးချပစ်တာတို့ ဘာတို့ရှိတာပေါ့ ။ နောက်ပိုင်းကျတော့ ကိုယ့်စာ ကိုယ့်စကားအတွက် တာဝန်ယူရတာတွေ ၊ ပြီးတော့ စာရေးတိုင်း သတိချပ်ရတာက ငါ့ personal တကိုယ်စာ ကြိုက်ခြင်း မကြိုက်ခြင်းထက် ငါ့စာဖတ်သူတွေအတွက်ရော ဘယ်လိုဆို အဆင်ပြေမလဲ မပြေမလဲပါ ထည့်စဉ်းစားဖြစ်တယ် ။ ဒါမို့ အစပ်ကြိုက်ရင် ဘာလေး ၊ အစပ်မကြိုက်ရင်တော့ ဘာလေးစားပါ ဆိုတာမျိုး တွဲထည့်ဖြစ်တယ် ။ Vlog တွေ ရိုက်ဖြစ်လာတယ်။ အရင်ကဆို လုံးဝမလုပ်ဘူး ၊ ပိုရှေ့ထွက်ရဲလာတယ်ပေါ့ ။ Eating Show လုပ်ဖြစ်လာတယ်။ Trend အရရယ် ကျွန်မ Page ကို အမြဲ လေ့လာဖတ်ရှုနေတဲ့သူတွေကို Tease လုပ်ချင်တာ၊ စချင်နောက်ချင်တာပေါ့ သူတို့ ဗိုက်ဆာနေတဲ့အချိန်ဆို LIVE နဲ့တက်လာပြီး ဗိုက်ဆာနေတာနော် ဆိုရင် ကျွန်မက စားပြပြီး .. ချစ်လို့ စတဲ့သဘောလေးတွေနဲ့ တင်ဖြစ်လာတာပေါ့” လို့ သူမက ရယ်မောပြီး ပြောပြပေးသွားပါတယ်။
မမညိုလို့ ချစ်စနိုးခေါ်ကြတဲ့ သူမဟာ page လေးမှာ စာတွေမနားတမ်းရေးပြီး ကိုယ့်ဗဟုသုတတွေ ထပ်ပြီး ဝေမျှပေးနိုင်ဖို့အတွက် ကိုယ်တိုင်လည်း ဝမ်းစာတွေဖြည့်တင်းဖြစ်နေသူပါ။ အဲ့ဒီလိုလုပ်ဖို့ ဘယ်လောက်အရေးကြီးတဲ့အကြောင်းကိုတော့ သူမက “ခေတ်က တမဟုတ်ချင်း ပြောင်းလဲနေတာ ။ ဒီနေ့ ဒါကြိုက်ကြပေမယ့် နောက်နေ့ တခြားဟာဖြစ်ရင် ဖြစ်သွားရော ။ လူတွေရဲ့ အကြိုက်တင်မဟုတ်ဘဲ Social Media ပိုင်းကလည်း အမြဲတိုးတက်နေတော့ အရင်ကဆို စာပဲရေးနေတဲ့ ကျွန်မတို့တွေ Video ပိုလုပ်လာကြတယ်။ အဲ့တော့ Video Edit ပိုင်းတွေလေ့လာရတယ် ။ ဓါတ်ပုံတွေရိုက်တဲ့အခါ ပြင်တဲ့အခါလည်း ပြီးပြီးရောတွေ မလုပ်ပဲ ပိုလှပတာလေးတွေ ဖန်တီးဖြစ်အောင် ဓါတ်ပုံဆရာတွေပြောတာ နားထောင်တာ၊ ဖတ်တာမျိုး၊ သင်တန်းတက်တာမျိုးတွေ လုပ်ရတယ်။ ကိုယ်Run နေတဲ့ Page ကလေးက ကိုယ်မွေးထားတဲ့ သမီးလေးလိုပဲ ၊ သူ တရိပ်ရိပ်နဲ့ တိုးတက်အောင်မြင်လာတာ မြင်ချင်တဲ့ အမေရဲ့ စိတ်နဲ့ လေ့လာသင်ယူဖြစ်ပါတယ်”တဲ့။
သူမဟာ ကိုယ့်မြို့လေးကို ကိုယ်စားပြုနိုင်တဲ့ Blogger တစ်ယောက်ဖြစ်အောင်၊ အဖက်ဖက်က တိုးတက်လာအောင်နဲ့ ကိုယ်မြို့၊ ကိုယ့်နိုင်ငံကောင်းသတင်းပိုကျော်ကြားလာအောင် ကြိုးစားဖို့ သူမမှာ တာဝန်ရှိတယ်လို့ ခံယူထားတာကြောင့် သူမကိုယ်တိုင်ကြိးစားရုံတင်မကဘဲ နယ်ပယ်တစ်ခုခုမှာ Blogger အဖြစ်ရပ်တည်ချင်တဲ့ လူငယ်တွေကိုလည်း အကြံဉာဏ်တွေ၊ ဗဟုသုတွေအတွေ့အကြုံတွေ ဝေမျှပေးတတ်သူပါ။ အထူးသဖြင့် စစ်မှန်တဲ့ Blogger တစ်ယောက်ဟာ ဘယ်လိုလဲဆိုတာကိုလည်း သူမက
“စစ်မှန်တဲ့ Blogger တစ်ဦးတစ်ယောက်ရဲ့ အခြေခံအုတ်မြစ်ကတော့ ရိုးသားမှုပါ ။ ဒီခေတ်မှာ Influencer Marketing တွေလည်း ရှိလာပြီဆိုတော့ ဒီကနေ ဝင်ငွေတစ်စွန်းတစ်စရကြတာ အားလုံးလည်း သိမှာပါ ။ ဝင်ငွေရသည်ဖြစ်စေ မရသည်ဖြစ်စေ ကိုယ့်စာဖတ်သူတွေအပေါ် ရိုးသားပါ။ ကိုယ်သာ ရိုးသားမှု မရှိရင် ကိုယ့်စာဖတ်သူတွေလည်း ကိုယ့်အပေါ် ယုံကြည်မှု လျော့နည်းလာရင် ကြာကြာရပ်တည်လို့ မရနိုင်ပါဘူး ။ ပြီးရင် နှလုံးသားကြီးပါ ၊ Social ကောင်းပါစေ ။ သဘောထားကြီးပြီး လူမှုဆက်ဆံရေးကောင်းတာကလည်း Blogger တစ်ယောက်အတွက် သိပ်ကို အရေးပါပါတယ်။” လို့ ပြောပြပေးသွားပါတယ်။
ကိုယ်လျှောက်လှမ်းနေတဲ့ လမ်းမှာအခက်အခဲတွေရှိနေသည့်တိုင် ကိုယ့်ရည်မှန်းချက်အတိုင်း မနားတမ်းသွားနေတဲ့သူမက သူမရဲ့ Blog လေးရော၊ Digital Marketing အလုပ်ကလေးပါ အခြေခိုင်ပြီး မှတ်တိုင်တစ်ခုအဖြစ် စိုက်ထူသွားချင်တာဟာ သူမရဲ့ရည်မှန်းချက်တစ်ခုပါတဲ့။ ဒါ့အပြင် သူမဟာ Food Blogger ဆိုတာထက် အမျိုးသမီးတွေအတွက် တစ်ခုခု ပြန်ပေးနိုင်တဲ့ ချစ်ခင်ရတဲ့ အမျိုးသမီးတစ်ယောက် အဖြစ် ရပ်တည်သွားချင်သေးတဲ့သူလည်း ဖြစ်ပါသေးတယ်။ ဇွဲမလျှော့ဘဲ ကြိုးစားနေတဲ့ ဟေမာညိုလွင်က ကိုယ်လုပ်ချင်တဲ့အရာတွေအတွက် ဘယ်လိုပုံဖော်ရမှန်းမသိတဲ့ အမျိုးသမီးတွေ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းပါးနေတဲ့ အမျိုးသမီးတွေကို ခုလိုအားပေးစကားပြောသွားပါတယ်။
“အတ္တာဟိ အတ္တနော နာထော တဲ့ .. မိမိကိုယ်သာ ကိုးကွယ်ရာလို့ ပြောရမှာပဲ ။ အခက်အခဲတွေ ရှုံးနိမ့်မှုတွေ လဲပြိုမှုတွေအတွက် ဘေးကတော့ အထောက်အပံ့ပေးတဲ့သူလည်းရှိမှာ ရှိချင်မှလည်း ရှိကြမယ် ။ ဒါပေမယ့် ဘေးက ဘယ်လိုတွေ support လုပ်လုပ် ကိုယ်ကိုယ်တိုင်က လုပ်နိုင်မှရတာလေ ။ ကိုယ်လုပ်ချင်တာရှိရင် ရဲရဲလုပ်ပါ။ နောက်ကွယ်က planning လည်း ကောင်းရမယ်ပေါ့ ၊ အဲ့လိုတွေကောင်းအောင် လေ့လာစူးစမ်းမှုလည်း အမြဲလုပ်ရမယ် ။ ဒီခေတ်မှာ အမျိုးသမီးတွေကလည်း အမျိုးသားတွေနဲ့တန်းတူ ရင်ဘောင်တန်းနေကြပါပြီ ။ ဆိုတော့ .. ကိုယ့်ကိုယ်ကိုယ် မြင့်မားအောင် ရှေ့ရောက်အောင် လုပ်ဖို့ “ကိုယ်” ကိုယ်တိုင်သာ အဓိကမို့ ချသာချ အမျိုးသမီးတို့” တဲ့။
လူတစ်ယောက်မှာ အိပ်မက်တွေရှိနေရင် ဒါတွေဟာ ရှေ့ဆက်သွားနိုင်ဖို့ တွန်းအားတစ်ခုပါပဲ။ ကြိုးစားသင်ယူမှုဟာ အဲ့ဒီလူအတွက် ခွန်အားဖြစ်သလို အတွေ့အကြုံကောင်းတွေကလည်း သူ့အတွက်တော့ အထောက်အပံံ့ကောင်းတွေအဖြစ် တစ်ချိန်မှာ သူကိုယ်တိုင်နားလည်သဘောပေါက်လာပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ်ဖြစ်ချင်တဲ့အရာတွေ၊ လုပ်ချင်တဲ့အရာတွေအတွက် အခက်အခဲတွေ ရင်ဆိုင်ရမှာ မကြောက်ပါနဲ့။ ခြေလှမ်းတစ်လှမ်းကို စလှမ်းဖို့လည်း မတွန့်ဆုတ်ပါနဲ့။ ဝေဖန်မှု၊ အပြစ်တင်သံတွေဟာ တစ်ချိန်မှာ ကိုယ့်ကို အားပေးနေတဲ့ လက်ခုပ်သံတွေ ဖြစ်တယ်ဆိုတာ ကိုယ်အောင်မြင်လာတဲ့တစ်ချိန်မှာ ကိုယ်တိုင်သိရှိသွားမှာပါ။ ဒီစာလေးကနေ မဒီတို့အားလုံးလည်း ခွန်အားတွေရရှိပြီး မနက်ဖြန်တွေတိုင်းကို ကိုယ့်ရဲ့စိတ်ဆန္ဒအတိုင်း အရောင်တွေခြယ်မှုန်းနိုင်ကြပါစေလို့။
Share