ရန်ကုန်-ပုဂံရထားဟာ နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေပြီး ၂၅ ရက်နေ့မှာတော့ ပုံမှန်ပြေးဆွဲပေးတဲ့ ရထားအပြင် အထူးရထားတစ်စီးကိုပါ ထပ်မံပြေးဆွဲပေးသွားမှာပါ။
ခရစ္စမတ် အများပြည်သူရုံးပိတ်ရက်အတွင်းမှာ ပုဂံဒေသကို ဘုရားဖူးသွားကြမယ့် ပြည်သူများအဆင်ပြေစေနိုင်ဖို့အတွက် မြန်မာ့မီးရထားမှ ရန်ကုန်-ပုဂံ အထူးရထားတစ်စီး ပြေးဆွဲပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အထူးရထားဟာ ဒီဇင်ဘာလ(၂၅)ရက်နေ့ နေ့လယ် ၂နာရီ ၁၅ မိနစ်အချိန်မှာ ရန်ကုန်ဘူတာကြီးက စတင်ထွက်ခွာမှာဖြစ်တယ်လို့သိရပါတယ်။
“ မနှစ်ကပိတ်ရက်တုန်းကလည်း ရန်ကုန်-ပုဂံ ပုံမှန်ပြေးဆွဲပေးတဲ့ ခရီးစဉ်ကတော့ အပြည့်ပဲ။ ဒီနှစ်ကတော့ အခုလို သီးခြားအစီအစဉ်လေးလုပ်ပေးလိုက်တော့ သွားချင်တဲ့သူတွေအတွက်ပိုအဆင်ပြေသွားတာပေါ့။ ခါတိုင်းကတော့ ရထားမရရင် ကားနဲ့သွားတဲ့ ခရီးသည်တွေလည်းရှိတယ်။ ရန်ကုန်-ပုဂံ ခရီးစဉ်ရထားက ပုံမှန်လည်း နေ့စဉ်(၄)နာရီခရီးစဉ်ရှိတယ်။ အခု (၂၅)ရက်နေ့မှာတော့ နှစ်စီးဖြစ်သွားမှာပေါ့။ အထူးရထားက နေ့လယ် ၂နာရီ ၁၅ မိနစ်အချိန်မှာတစ်စီး၊ ပုံမှန်က ညနေ(၄)နာရီမှာတစ်စီး “ ဆိုပြီး မြန်မာ့မီးရထားသွားလာရေးမန်နေဂျာ ဦးဇော်လွင်က Duwun ကိုပြောပါတယ်။
photo- မြန်မာ့မီးရထား
ခရစ္စမတ်ပိတ်ရက်မှာ အထူးပြေးဆွဲမယ့်ရထားမှာ အထက်တန်းထိုင်ခုံ (၃)တွဲ၊ ရိုးရိုးတန်း(၅)တွဲနှင့် ဘရိတ်တွဲ(၁)တွဲတို့ဖြင့် ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ ရန်ကုန်ဘူတာကနေ နေ့လယ် ၂နာရီ၁၅ မိနစ်မှာ စထွက်ပြီးတော့ ပုဂံကို နောက်နေ့ မနက် (၉)နာရီမှာ ရောက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်မှတ်ခတွေကတော့ အထက်တန်းလက်မှတ်ခတစ်စောင်ကို (၁၂၀၀၀)ကျပ်နဲ့ ရိုးရိုးတန်းလက်မှတ်တစ်စောင်ကို (၄၅၀၀)ကျပ်တို့ဖြင့် တစ်ဦးကို လက်မှတ် (၃)စောင်အထိ ရောင်းချပေးသွားမှာဖြစ်ပါတယ်။