ရခိုင်ပြည်နယ်၊ စစ်တွေမြို့က လူနာအမှတ် ၃၇၅ နဲ့ ထိတွေ့မှုရှိခဲ့သူ ၈၄ ဦး မှာ ရောဂါပိုးမတွေ့ခဲ့ပေမယ့် ကွာရန်တင်းပြီး နောက်တစ်ကြိမ် ပိုးစစ်သင့်၊ မသင့် ဆက်လက်စောင့်ကြည့်သွားမယ်လို့ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
ဒါ့အပြင် လူနာအမှတ် ၃၇၅ သွားရောက်လည်ပတ်ခဲ့တဲ့ ပုဏ္ဍားကျွန်းမြို့က ဆက်စပ်ထိတွေ့ခဲ့သူ ၁၁ ဦးကိုလည်း ဒီကနေ့မှာ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူပြီး ဒီကနေ့ သြဂုတ်လ ၁၈ ရက်မှာ ဓာတ်ခွဲစစ်ဆေးသွားမယ်လို့လည်း ဆိုပါတယ်။
ဓာတ်ပုံ- CB Bank Facebook
" အခု negative ထွက်တယ်ဆိုတဲ့လူတွေကိုလည်း ကွာရန်တင်းအနေနဲ့ ဆက်ထားအုံးမှာပဲ။ ပြီးမှ ကျွန်တော်တို့က နောက်တစ်ခေါက် ဆေးစစ်ချက်ထပ်ယူဖို့ စဉ်းစားနေသေးတယ်။ "လို့ လို့ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။
အခုပိုးမတွေ့ခဲ့တဲ့ လူနာတွေထဲမှာ စစ်တွေဆေးရုံမှာ သံသယလူနာအဖြစ် စောင့်ကြည့်ကုသမှုခံယူခဲ့တဲ့ လူနာရဲ့ မိခင်နဲ့ အိမ်ဌားမိသားစုမှ အသက် (၃) နှစ်အရွယ်ကလေးတို့ ပါဝင်ပြီးသူတို့ နှစ်ဦးကိုလည်း ဆေးရုံကဆင်းခွင့်ပြုမှာဖြစ်ကာ နေအိမ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်မယ်လို့လည်း စစ်တွေဆေးရုံအုပ် ဒေါက်တာ ဇော်လတ်က Duwun ကို ပြောပါတယ်။
လက်ရှိမှာတော့ လူနာအမှတ်၃၇၅ ကို စစ်တွေပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ရောဂါအခြေအနေကတော့ ကောင်းမွန်တယ်လို့လည်း ဆိုပါတယ်။
လူနာ ဟာ စစ်တွေကနေ ကျောက်ဖြူကို AIR KBZ ကိုစီးနင်းခဲ့ပြီး ကျောက်ဖြူကနေ စစ်တွေအပြန်ကို MNA လေကြောင်းလိုင်းကို စီးနင်းခဲ့တာကြောင့် သူနဲ့အတူ လေယာဉ်အတူစီးနင်းခဲ့သူတွေကို စုံစမ်း ရှာဖွေနေဆဲဖြစ်တယ်လို့သိရပါတယ်။
ကိုဗစ်လူနာအမှတ် ၃၇၅ဟာ စစ်တွေ CB ဘဏ်က ဝန်ထမ်းဖြစ်တာကြောင့် သူနဲ့ ထိတွေ့ ဆက်စပ်မှုရှိခဲ့တဲ့ စစ်တွေမြို့က ၅၁ ဦးနဲ့ ကျောက်ဖြူမြို့က ၃၃ ဦး စုစုပေါင်း ၈၄ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို သြဂုတ်လ ၁၇ ရက်နေ့က စစ်ဆေးခဲ့ရာ အားလုံးမှာ ရောဂါပိုးမတွေ့ရှိရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း ဒီကနေ့ သြဂုတ်လ ၁၈ ရက်နေ့ မနက်ပိုင်းက သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် လူနာအလုပ်လုပ်ခဲ့တဲ့ စစ်တွေမြို့က CB ဘဏ်ကိုလည်း ယာယီပိတ်ထားပြီး သြဂုတ်လ ၁၉ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမယ်လို့လည်း အဆိုပါဘဏ်က သတင်းထုတ်ပြန်ပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သောသတင်းဖြစ်ပါသည်။
Share