ယနေ့တွေ့ရှိတဲ့ အတည်ပြုလူနာအမှတ် ၄၆၄ နဲ့ ၄၆၅ တို့ဟာ စစ်တွေကနေ ရန်ကုန်ကို လေယာဥ်နဲ့ လာသူများဖြစ်ပြီး လေဆိပ်ကနေ လှိုင်ကွာရန်တင်းစင်တာကို ချက်ချင်းပို့ဆောင်လိုက်သူများ ဖြစ်ကြောင်း ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနက Duwun ကို အတည်ပြုပါတယ်။
ဒီကနေ့ ရန်ကုန်မှာတွေ့ရှိတဲ့ လူနာ ၃ ဦးရဲ့အချက်အလက်နဲ့ ပတ်သက်ပြီး "တစ်ယောက် စင်ကာပူကနေ ပြန်လာတဲ့သူ။ နောက်ထပ်နှစ်ယောက်ကကျတော့ ၂၀ ရက်နေ့မှာ စစ်တွေကနေ ရန်ကုန်ကို လေကြောင်းလိုင်းနဲ့လာတဲ့သူတွေပါ။ ကွာရန်တင်းထားထားတဲ့သူတွေပါ" လို့ဒေါက်တာ ဒေါ်မို့မို့သိင်္ဂီက ပြောပါတယ်။
စစ်တွေကနေ ရန်ကုန်ကို လာတဲ့သူ နှစ်ဦးမှာ တစ်ဦးက ရန်ကုန်မြို့၊ ကမာရွတ်ကလို့ သိရတဲ့အတွက် ကမာရွတ် အုပ်ချုပ်ရေးမှူးကို Duwun က ဖုန်းဆက်မေးမြန်းရာမှာတော့ ထိုအမျိုးသမီးမှာ ကမာရွတ်မြို့နယ်မှာ အမှန်တကယ်နေထိုင်သူမဟုတ်ကြောင်း ပြောပါတယ်။
"ရခိုင်ကနေပြီး ကမာရွတ်မှာ သင်တန်းတက်မယ်လို့လာတယ်။ လေကြောင်းလိုင်းနဲ့လာတာ တန်းပြီး ကွာရန်တင်းသွင်းလိုက်တယ်။ သူငယ်ချင်းရဲ့ လိပ်စာကိုပေးလိုက်တာ။ ကမာရွတ်မှာ နေထိုင်ခဲ့ခြင်းမရှိပါဘူး ။ စစ်တွေလိပ်စာပါပဲ။ ဒီကိုလာပေမယ့် မရောက်လိုက်ပါဘူး '' လို့ ကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ပြောပါတယ်။
ယနေ့ညနေ ၈ နာရီသတင်းထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ ၁၁ ဦးတွေ့ခဲ့ပြီး တစ်ဦးမှာ ပြန်လာသူဖြစ်ပါတယ်။ ကျန် ၁၀ ဦးထဲမှာ ၂ ဦးက စစ်တွေကနေ ရန်ကုန်ကို လာသူနှစ်ဦးဖြစ်ကာဘူးသီးတောင်မှ ၄ ဦး၊ စစ်တွေမှ ၄ ဦးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ယနေ့တွေ့ရှိတဲ့ ပြည်တွင်းကူးစက်လူနာ ၁၀ ဦးထဲမှာ ၆ ဦးက အတည်ပြုလူနာများနဲ့ ထိတွေ့မှု မရှိထားကြောင်းကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရ့ ထုတ်ပြန်ချက်အရ သိရပါတယ်။