Google ကုမ္ပဏီဟာ ၂၀၁၉ ခုနှစ်က ဖြန့်ချိခဲ့တဲ့ Stadia ဂိမ်းဝန်ဆောင်မှုကို ပိတ်သိမ်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။
ကုန်ကျစရိတ်တွေ လျှော့ချဖို့ ကြိုးစားလာနေတဲ့ Google အတွက် Stadia ကို ဖျက်သိမ်းပြီး ကုမ္ပဏီကို ပိုထိရောက်အောင် ပြုပြင်ဖို့ ဦးတည်လာနေတာပါ။ ၂၀၁၉ ခုနှစ်မှာ စတင် ဖြန့်ချိခဲ့တဲ့ Stadia ဟာ စမတ်ဖုန်းနဲ့ Chrome Browser တွေပေါ်မှာ လည်ပတ်ခဲ့တာ ဖြစ်ပြီး မျှော်လင့်ထားသလောက် အသုံးပြုသူတွေကို ဆွဲဆောင်နိုင်မှု မရှိခဲ့ဘူးလို့ Google ဒုဥက္ကဌ ဖီးလ် ဟာရစ်ဆင်က ကြာသာပတေးနေ့က ဘလော့ဂ်ပို့စ်မှာ ရေးပါတယ်။
Photo: NBC News
"ကျွန်တော်တို့ရဲ့ Stadia Streaming Service ကို ဖျက်သိမ်းဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ရပါတယ်။" လို့လည်း သူက ဆိုပါတယ်။ Google ဟာ Stadia ကို ဂိမ်းလောကရဲ့ Netflix အဖြစ် တင်စားခဲ့ပြီး ၂၀၁၉ နိုဝင်ဘာလထဲမှာ စတင်မိတ်ဆက်ခဲ့တာပါ။ ကိုယ်ပိုင်ဂိမ်းစက်မရှိဘဲ ဂိမ်းတွေကို အွန်လိုင်းက Stream လွှင့်တင်နိုင်အောင် စီစဉ်ခဲ့တဲ့ Stadia Cloud Gaming ဝန်ဆောင်မှုဟာ လက်ရှိ PC ၊ Console နဲ့ Mobile စတဲ့ ဂိမ်းပလက်ဖောင်းတွေကို အစားထိုးသွားမယ့်အရာတစ်ခုအဖြစ် Google က စတင်ခဲ့တာ ဖြစ်ပါတယ်။
အဆင့်မြင့် ဂိမ်းစက်တစ်လုံးရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်နိုင်စွမ်းမျိုးကို Stadia ပေါ်မှာ ရယူနိုင်ပါတယ်။ Google က မိတ်ဆက်လိုက်တဲ့ Stadia ဟာ လစဉ်ကြေး Subscribe လုပ်ပြီး ကိုယ်ကစားချင်တဲ့ ဂိမ်းကို ဝယ်ကစားရတာ ဖြစ်ပါတယ်။ ရုပ်ထွက်ကောင်းကောင်း ဖရိမ်မြင့်မြင့် နဲ့ ကစားမယ့်သူတွေအတွက် အင်တာနက်လိုင်းကောင်းကောင်း လိုပါတယ်။ Google ဟာ Stadia ကို Sony ရဲ့ PlayStation Plus Cloud Streaming ၊ Amazon ရဲ့ Luna နဲ့ Microsoft Xbox Cloud Gaming တို့ကို ယှဉ်ပြိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။
Photo: Malay Mail
Stadia ကို ဖျက်သိမ်းလိုက်ပြီးနောက် Google Store ကနေ ဝယ်ထားတဲ့ Stadia Controller နဲ့ တခြား ဂိမ်း content ဝယ်ယူမှုအားလုံးကို ငွေပြန်အမ်းသွားမယ်လို့ ဆိုပါတယ်။ Refund ငွေအမ်းတဲ့ကိစ္စဟာ လာမယ့် ဇန်နဝါရီလလယ်မှာ ပြီးစီးဖို့လည်း မျှော်လင့်ထားပါတယ်။ ဂိမ်းကစားသူတွေအနေနဲ့ ဇန်နဝါရီ ၁၈ ရက်နေ့အထိ သူတို့ရဲ့ ဂိမ်း Library ထဲ ဝင်ပြီး ကစားခါင့် ရနေဦးမယ်လို့လည်း ကုမ္ပဏီက ကြေညာထားပါတယ်။
ကုမ္ပဏီဟာ Google Play နဲ့ Google Play Games တွေပေါ်က Gaming Apps တွေ တည်ဆောက်ဖြန့်ဖြူးရာမှာ Developers တွေကို ကူညီတာမျိုး တခြားနယ်ပယ်တွေမှာ ဂိမ်းလောကအတွက် ဆက်လက်အထောက်အကူပြုတာမျိုး လုပ်ဆောင်သွားမယ်လို့လည်း ပြောထားပါတယ်။ Stadia ပေါ်မှာ အသုံးပြုခဲ့တဲ့ နည်းပညာဟာ အလဟဿ ဖြစ်သွားမှာ မဟုတ်ဘူးလို့လည်း ဟာရစ်ဆင်က ပြောပါတယ်။