တူဟယ်လ်က ရော်နယ်ဒိုအတွက် တွန့်ဆုတ်နေတာပါ။

ချဲလ်ဆီးဟာ မန်စီးတီးတောင်ပံကစားသမား စတာလင်ကို ခေါ်ယူဖို့ သေချာသွားခဲ့ပေမယ့် နည်းပြတူဟယ်လ်ဟာ ရော်နယ်ဒိုကိုခေါ်ယူဖို့အတွက်တော့ စိုးရိမ်နေတယ်လို့ သိရှိရပါတယ်။ ချဲလ်ဆီးဟာ စတာလင်အတွက် ပြောင်းရွှေ့ကြေး ပေါင် (၄၅) သန်း၊ အပိုဆုကြေး ပေါင် (၁၀) သန်းတို့နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တာပါ။



ကစားသမားနဲ့ (၂၀၂၇) အထိ စာချုပ်ချုပ်မှာဖြစ်ပြီး စတာလင်က ချဲလ်ဆီးရဲ့ လုပ်ခလစာအများဆုံးရ ကစားသမားတယောက်လည်းဖြစ်လာနိုင်ပါတယ်။ ဒါဟာ အသင်းပိုင်ရှင် တော့ဒ်ဘိုလေအတွက် ပထမဆုံးသော ကစားသမားခေါ်ယူမှုလည်းဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ အမေရိကန်သူဌေးက ရော်နယ်ဒိုကိုပါ ဆက်လက်ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

ဒါပေမယ့် ဒီနေရာမှာတော့ နည်းပြတူဟယ်လ်နဲ့ သဘောထားကွဲလွဲနေဆဲလို့ ပြောရမှာဖြစ်ပါတယ်။ တူဟယ်လ်ဟာ သူ့ရဲ့ ကစားကွက်အတွက် ရော်နယ်ဒိုကို မလိုအပ်ဘူးလို့ ယုံကြည်ထားပြီး စတာလင်ပြီးတဲ့နောက် လိဒ်စ်တောင်ပံကစားသမား ရာဖင်ဟာကို ဦးစားပေးခေါ်ယူလိုနေပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီက ဆိုးလ်ရှားလို အဖြစ်မျိုးနဲ့ ရင်ဆိုင်ရမှာကိုလည်း တူဟယ်လ်က စိုးရိမ်နေပါတယ်။

ယူနိုက်တက်နည်းပြဟောင်းဆိုးလ်ရှားက ရာသီကြိုကာလမှာ အသင်းကို သူလိုချင်တဲ့အတိုင်း အထိုင်ချခဲ့ပေမယ့် ရာသီသစ်စပြီးမှ ရော်နယ်ဒို ရုတ်တရက်ရောက်ရှိလာတာကြောင့် ဒီအပေါ်မှာ လိုက်လျောညီထွေဖြစ်အောင် သူ့ရဲ့ အစီအစဥ်တွေကို ပြောင်းလဲခဲ့ရပါတယ်။ အဲ့ဒီနောက်မှာ ယူနိုက်တက်က ရလဒ်တွေ တဖြည်းဖြည်းဆိုးရွားလာခဲ့ပြီး ဆိုးလ်ရှားလည်း ရာထူးကထွက်ခဲ့ရပါတယ်။ ဒါဟာ ရော်နယ်ဒိုရောက်လာတာကြောင့် ဆိုးလ်ရှားရဲ့ အစီအစဥ်တွေ ပြောင်းလဲခဲ့ရတဲ့အကျိုးဆက်လို့ ယုံကြည်နေသူတွေရှိပါတယ်။

ရော်နယ်ဒိုဟာ သူ့ကို အဓိကဦးတည်ကစားမယ့်အသင်းကိုသာ လိုအပ်နေတာဖြစ်ပြီး တူဟယ်လ်အတွက်တော့ ဒီလိုမျိုး လိုက်လျောပေးဖို့က အတော်လေး ခက်ခဲနေပါတယ်။ အထူးသဖြင့် တူဟယ်လ်က သူ့အသင်းတိုက်စစ်မှာ တယောက်တည်းကို တည်မကစားဘဲ ကစားသမားတွေကို ကစားကွက်အပေါ် မူတည်ကာ လွတ်လွတ်လပ်လပ် လိုက်ပါစီးမျောစေလိုတာကြောင့် ရော်နယ်ဒိုနဲ့ ပတ်သက်လို့ တွန့်ဆုတ်နေတာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က