အင်္ဂလန်သားနှစ်ယောက်ကို ကာရေဂါက နှိုင်းယှဥ်သုံးသပ်သွားခဲ့တာပါ။

လီဗာပူးဂန္တဝင်နောက်ခံလူဟောင်းကြီး ကာရေဂါက အင်္ဂလန်သားနှစ်ယောက်ဖြစ်တဲ့ ဟာရီကိန်းနဲ့စတာလင်တို့ နှစ်ယောက်ကို နှိုင်းယှဥ်ပြီး စတာလင်က ဟာရီကိန်းထက်တောင် ပိုကောင်းတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဒီကစားသမားနှစ်ယောက်လုံးက လက်ရှိအချိန်မှာ သက်ဆိုင်ရာ ကလပ်တွေမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ကစားသမားတွေပါ။



နှစ်ယောက်လုံးက နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ ဂိုးတွေသွင်းယူနိုင်ခဲ့ပေမယ့် ပုံမှန်ခြေစွမ်းနဲ့ ဂိုးသွင်းခြေပြသနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

စတာလင်ကတော့ မန်စီးတီးက ထွက်ခွာဖို့အထိ သတင်းတွေထွက်ပေါ်နေပေမယ့် ကာရေဂါကတော့ လီဗာပူးကနေ အနားမယူခင် (၂) နှစ်ကြာ တွဲကစားဖူးတဲ့ စတာလင်နဲ့ ပတ်သက်လို့ အခုလိုပြောကြားလာပါတယ်။

ကာရေဂါက “ကျနော် စတာလင်ကို လုံးဝချစ်တာပေါ့ဗျာ။ သူက အံ့အားသင့်ဖွယ် ကစားသမားတယောက်လို့လည်း ကျနော်ထင်ပါတယ်။ ဂွါဒီယိုလာအတွက်ဆိုရင် စတာလင်ထက် ဂိုးပိုသွင်းနိုင်တဲ့ ကစားသမားက မက်ဆီနဲ့အဂွေရိုတို့ပဲရှိတယ်ဆိုတဲ့ အချက်ကို ကျနော်မြင်လိုက်ပါတယ်”

“အဲ့ဒါက ဂိုးသွင်းစံချိန်တခုပဲဗျ။ နောက်ပြီး စတာလင်က ဒဏ်ရာလည်းရလေ့မရှိဘူးလေ။ အဲ့ဒါကြောင့်လည်း ကျနော် စတာလင်ကို သဘောကျနေရတာပေါ့။ ကျနော့်အတွက်တော့ သူက အင်္ဂလန်မှာ အကောင်းဆုံး တိုက်စစ်ကစားသမားဖြစ်ပြီး နောက်ဆုံးနွေရာသီမှာ သူ စွမ်းဆောင်ပြခဲ့တဲ့အရာတွေကြောင့် ဟာရီကိန်းထက် ပိုမြင့်တဲ့နေရာကို ရောက်သွားပါပြီ” လို့ ချီးကျူးပြောကြားသွားပါတယ်။

စတာလင်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတည်းက ဂွါဒီယိုလာရဲ့ အသင်းမှာ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ပြိုင်ပွဲစုံ (၄၉) ပွဲမှာ သွင်းဂိုး (၁၄) ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။ ဒါပေမယ့် ယူရို- ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်မှာတော့ ရွေးချယ်ခံခဲ့ရပြီး ပြိုင်ပွဲတလျှောက် အင်္ဂလန်အတွက် ခြေစွမ်းပြကစားရင်း (၃) ဂိုး သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 

Share

က္က