အင်္ဂလန်အသင်းကတော့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုမျိုးမရှိခဲ့ဘူးလို့ ပြောကြားထားပါတယ်။

လီဗာပူးနောက်ခံကစားသမား ဂျိုးဂိုးမက်ဇ်ဟာ မန်ချက်စတာစီးတီးကြယ်ပွင့် စတားလင်းနဲ့ အချင်းများခဲ့ပြီးနောက် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ရေးမှာ ပထမဆုံး ပါဝင်လေ့ကျင့်ခဲ့ပြီး မျက်စိအောက်နားမှာ သေးငယ်တဲ့ ကုတ်ခြစ်ရာကို မြင်တွေ့ခဲ့ရတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

စတားလင်းနဲ့ ဂျိုးဂိုးမက်ဇ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အန်းဖီးမှာ လီဗာပူးအသင်းက မန်ချက်စတာစီးတီးအသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အချင်းများခဲ့ကြပြီး တနင်္လာနေ့မှာ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းခဲ့ချိန်မှာလည်း ပြဿနာထပ်မံဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

ဂျိုးဂိုးမက်ဇ်ဟာ စိန်ဂျော့ဂျ်ပတ်ကို အရင်ဆုံးရောက်လာခဲ့တဲ့ ကစားသမားတွေထဲကတစ်ဦးဖြစ်ပြီး စတားလင်းရောက်ရှိလာချိန်မှာ ဂျိုးဂိုးမက်ဇ်က လက်ရွေးစင်အသင်းဖော်တွေနဲ့ စားသောက်တန်းမှာ ရယ်မောပြီး အချင်းချင်းနောက်ပြောင်နေကြတယ်လို့ သိရပါတယ်။

မန်ချက်စတာစီးတီးတောင်ပံကြယ်ပွင့် စတားလင်းဟာ ဂျိုးဂိုးမက်ဇ်ကို မြင်လိုက်ရတဲ့အချိန်မှာ ဒေါသထောင်းခနဲထွက်သွားခဲ့ပြီး လည်ကုပ်ကို ပြေးဆွဲရင်း ‘မင်းက ဆရာကြီးလုပ်နေတုန်းလား’လို့ မေးခဲ့တဲ့အချိန်အထိ အသင်းဖော်တွေက စနောက်နေတယ်လို့ ထင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါပေမယ့် စတားလင်းရဲ့ပုံစံဟာ စနောက်နေတဲ့ပုံစံမျိုးမဟုတ်ဘူးလို့ သိလိုက်ရတဲ့အချိန်မှာ အသင်းဖော်တွေက ဂျိုးဂိုးမက်ဇ်နဲ့ စတားလင်းတို့ကို လူစုခွဲပေးခဲ့ရတယ်လို့ သိရပါတယ်။ စတားလင်းဟာ နောက်ပိုင်းမှာ လူသိရှင်ကြားရော၊ တစ်ဦးချင်းပါ ပြန်တောင်းပန်ခဲ့ပေမယ့် နည်းပြဆောက်ဂိတ်က ကြာသပတေးနေ့ညမှာ မွန်တီနီဂရိုးနဲ့ ကစားရမယ့်ပွဲစဉ်လူစာရင်းမှာ စတားလင်းကို ချန်လှပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

စတားလင်းနဲ့ ဂျိုးဂိုးမက်ဇ်တို့ဟာ အင်္ဂါနေ့မှာ ပြုလုပ်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို ပါဝင်လေ့ကျင့်ခဲကြပြီး ဂျိုးဂိုးမက်ဇ်ရဲ့ မျက်နှာမှာ စတားလင်းနဲ့ ပြဿနာမတက်မီက မရှိခဲ့တဲ့ ကုတ်ခြစ်ရာကို မြင်တွေ့ခဲ့ရပါတယ်။

အင်္ဂလန်အသင်းက စတားလင်းနဲ့ ဂျိုးဂိုးမက်ဇ်တို့ရဲ့ အချင်းများမှုဟာ ကိုယ််ထိလက်ရောက် ကျူးလွန်ခဲ့ကြတာမျိုးမရှိဘူးလို့ ပြောကြားထားပေမယ့်လည်း ဂျိုးဂိုးမက်ဇ်ရဲ့ညာဘက်မျက်စိအောက်က ဒဏ်ရာက နည်းပြဆောက်ဂိတ်အတွက် မီဒီယာတွေနဲ့ ထပ်မံတွေ့ဆုံတဲ့အချိန်မှာ ဖြေကြားဖို့ လိုအပ်တဲ့ နောက်ထပ်မေးခွန်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

Share

က္က