ယနေ့ည ၈ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ဘရိုက်တန်တို့ရဲ့ပွဲစဉ်မှာ ဧည့်သည်တွေက ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
လမ်းပတ်ရဲ့ ချဲလ်ဆီးဟာ ဂိုးပေါက်မှာ ကီပါ၊ ခံစစ်မှာ ဖိုဖာနာ၊ ဘာဒီယာရှီလေ၊ ချာလိုဘက်၊ ချေးဝဲလ်တို့ကို အထိုင်ထားပြီး ကွင်းလယ်မှာ အန်ဇို၊ ဇာကာရီယာ၊ ပူလီရှစ်၊ ဂယ်လေဂါ၊ မာဒရစ်ခ်တို့နဲ့အတူ စတားလင်းကို အထောင်ထားပြီး ကစားခဲ့တာဖြစ်ပါတယ်။
ဘရိုက်တန်အသင်းကလည်း ဂိုးပေါက်မှာ ဆန်းချက်ဇ်၊ ခံစစ်မှာ ဒန့်ခ်၊ ဝက်ဘ်စတာ၊ အက်စ်တူပီနန်၊ ဗာ့တ်မန်းတို့ကို အထိုင်ထားပြီး ကွင်းလယ်မှာ ဂရို့စ်၊ ကိုင်ဆေဒို၊ မိတိုမာ၊ မက်ကယ်လစ္စတာ၊ ဆော်လီ မာ့ချ်တို့နဲ့အတူ ဖာဂူဆန်ကို အထောင်ထားခဲ့တာဖြစ်ပါတယ်။ပထမပိုင်း ၁၃ မိနစ်မှာ ကော်နာ ဂယ်လေဂါက မာဒရစ်ခ်ဆီကနေ ရရှိခဲ့တဲ့ ဘောလုံးကို ပထမဆုံးအကြိမ် ဂိုးပေါက်ကန်သွင်းမှု ပြုလုပ်ခဲ့ရာမှာ လူးဝစ္စ ဒန့်ခ်နဲ့ ထိပြီး လမ်းကြောင်းပြောင်းပြီး ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။
ဘရိုက်တန်အသင်းဟာ အဖွင့်ဂိုး ပေးခဲ့ရပြီးနောက် ချဲလ်ဆီးအသင်းကို အသာစီးရယူ ကစားနိုင်ခဲ့ပြီး တရစပ်ထိုးဖောက်တိုက်စစ်ဆင်ခဲ့ရာမှာ ပွဲပြီးဆုံးခါနီး ၃ မိနစ်အလိုမှာတော့ ချေပဂိုးကို ပြန်လည်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ပါစကယ် ဂရို့စ်ရဲ့ တိကျသေချာတဲ့ ဖြတ်တင်ပေးပို့မှုကို ဒန်နီ ဝဲလ်ဘက်ခ်က ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပြီး ပထမပိုင်းအပြီးမှာ ၁-၁ သရေရလဒ် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာလည်း ဘရိုက်တန်အသင်းကပဲ လွှမ်းမိုးထားနိုင်ခဲ့တာကြောင့် ၅၆ မိနစ်မှာ ချဲလ်ဆီး ယာယီနည်းပြ ဖရန့်ခ် လမ်းပတ်က လူစားလဲလှယ်မှု ၄ ခုကို ပြုလုပ်ခဲ့ပြီး စတားလင်း၊ ဖိုဖာနာ၊ အန်ဇို၊ ပူလီရှစ်တို့နေရာမှာ ဂျာအို ဖဲလစ်၊ ရီးစ် ဂျိမ်းစ်၊ ကိုဗာချစ်၊ ဇီယက်ရှ်တို့ကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းကစားပုံက ထူးပြီး ကောင်းမလာခဲ့ဘဲ ၆၉ မိနစ်မှာ အသက် ၁၉ နှစ်အရွယ် ဂျူလီယို အန်ဆီဆိုက ဆော်လီ မာ့ချ် ထိုးပေးလိုက်တဲ့ဘောလုံးကို ဂိုးဘယ်ဖက်အပေါ်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဇာကာရီယာရဲ့ နေရာမှာ မေဆန် မောင့်ကို ထည့်သွင်းပြီး တိုက်စစ်ကို အရှိန်မြှင့်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ရောဘတ်တို ဒီ ဇာဘီရဲ့အသင်းက အလွန်ကောင်းမွန်နေခဲ့တာကြောင့် ဘယ်လိုမှ မတတ်နိုင်ဘဲ အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ်မှာ ယခုရာသီ နောက်ထပ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
Share