ဘရန့်ဖို့ဒ်တို့ ချဲလ်ဆီးကို ၁-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ရလဒ်တွေ ဆက်တိုက်ကောင်းနေတဲ့ ချဲလ်ဆီးတို့ အိမ်ကွင်းမှာ မထင်မှတ်ဘဲ ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်က တန်းမဆင်းရရေးအတွက် အမှားခံလို့မရတော့တာကြောင့် အားကုန်ရုန်းခဲ့ပြီး ချဲလ်ဆီးတို့ အခက်တွေ့ခဲ့ရပါတယ်။



ပထမပိုင်းမှာ သွင်းဂိုးတွေမရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ရူဒီဂါရဲ့ မထင်မှတ်တဲ့ ကန်ချက် ဂိုးဝင်သွားခဲ့တာကနေ သွင်းဂိုးတွေ ဆက်တိုက်မြင်တွေ့ခဲ့ရပါတယ်။ ချဲလ်ဆီးက ဒီပွဲမှာ ဇီယက်ချ်၊ ဟာဗက်ဇ်၊ ဝါနာတို့နဲ့အတူ တိုက်စစ်ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာ မေဆင်မောင့်၊ လော့ဖ်တပ်ချိခ်၊ ကန်တေတို့ ပါဝင်ခဲ့ပါတယ်။ နောက်တန်းမှာတော့ ထုံးစံအတိုင်း လူစုံခဲ့ပါတယ်။

ဘရန့်ဖို့ဒ်ကလည်း အဲရစ်ဆင်အပါအဝင် လူစုံခဲ့ပြီး ချဲလ်ဆီးကို အကောင်းဆုံး တုံ့ပြန်ခဲ့ပါတယ်။ ဒုတိယပိုင်းစပြီး မကြာခင်မှာပဲ ရူဒီဂါရဲ့ အပြင်းကန်ချက် ဂိုးဝင်သွားခဲ့တာကြောင့် ချဲလ်ဆီးတို့ ရလဒ်ဆက်ကောင်းတော့မလား ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ချဲလ်ဆီးနောက်တန်းနဲ့ကွင်းလယ်အကြား အားနည်းချက်တွေကြောင့် အခုလိုပဲ အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့တာပါ။

(၂) မိနစ်အကြာမှာပဲ ဘရန့်ဖို့ဒ်တို့ ချက်ချင်း ချေပဂိုးရခဲ့ပြီး မမ်ဘူမို ခင်းပေးတာကို ဂျာနတ်က အပြင်းကန်သွင်းပေးသွားခဲ့တာဖြစ်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ချဲလ်ဆီးတို့ တန်ပြန်တိုက်စစ်ကတဆင့် ဦးဆောင်ဂိုးပေးလိုက်ရပါတယ်။

ဒီဂိုးကိုလည်း မမ်ဘူမိုကပဲ ဖန်တီးပေးခဲ့တာဖြစ်ပြီး အဲရစ်ဆင်က မန်ဒီနဲ့ တယောက်ချင်းအတွေ့မှာ လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းအဆုံးသတ်ခဲ့ပါတယ်။ (၆) မိနစ်အတွင်းမှာပဲ (၃) ဂိုး ဆက်တိုက်မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

နောက်ထပ် (၆) မိနစ်အကြာမှာလည်း ဘရန့်ဖို့ဒ်တို့ အနိုင်သေချာစေမယ့် သွင်းဂိုးကို ထပ်မံရရှိခဲ့ပါတယ်။ တိုနေး ခင်းပေးလိုက်တဲ့ ဘောလုံးကို ချေပဂိုးရှင် ဂျာနတ်က မန်ဒီကို ကျော်ပြီး ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ ဘရန့်ဖို့ဒ်တို့ ဂိုးထပ်ရခဲ့ပြီး ရူဒီဂါနဲ့ သီယာဂိုဆေးလ်ဗားတို့ နားလည်မှုလွဲတာကတဆင့် လူစားဝင်ကစားသမား ဝစ်ဆာက အပိုင်ကန်သွင်းကာ ဘရန့်ဖို့ဒ်တို့ အဝေးကွင်းမှာ ၁-၄ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ချဲလ်ဆီးအတွက်ကတော့ အေဘရာမိုဗစ်ချ်ရဲ့ ရိုက်ခတ်မှုတွေနောက်ပိုင်း ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က