အကယ်ဒမီပေးပွဲတွင် ပါဝင်တဲ့ ရွှေကြိုမောင်မယ်တွေလိုပါပဲ Star Awards ဆုပေးပွဲကြီးမှာ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်မယ့် ဗန်းကိုင်မောင်မယ်တွေကို စတင်ခေါ်ယူနေပါပြီ။
Photo : Star Awards
မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းက ပြုလုပ်တဲ့ Star Awards ဆုပေးပွဲကြီးကို အကယ်ဒမီဆုပေးပွဲကြီး အပြီးတွင် ကျင်းပဖို့အတွက်ပြင်ဆင်လို့နေပါပြီ။ အကယ်ဒမီ ရွှေကြို မောင်မယ်တွေလိုမျိုးပဲ Star Awards ဆုပေးပွဲမှာ ဗန်းကိုင် မယ့် မောင်မယ်တွေကို စတင်ခေါ်ယူနေတာ ဖြစ်ပါတယ်။ အနုပညာကို ဝါသနာပါတဲ့ မျိုးဆက်သစ်တွေအနေနဲ့ Star Fairy Application Form အား ဖြည့်စွက်ပြီး Stellar Seven Entertainment ရုံးသို့ ဖေဖော်ဝါရီ(၁)ရက်နေ့ မှစတင်၍ ဖေဖော်ဝါရီ(၂၅) ရက်နေ့အထိ လူကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်ကြောင်း Star Awards page မှာ ကြေညာထားပါတယ်။
Photo : Star Awards
လျှောက်ထားလိုတဲ့ ပြိုင်ပွဲဝင်တွေအနေနဲ့ လိုအပ်တဲ့အချက်အလက်များကိုလည်း ယခုလို ပြောထားပါသေးတယ်။
“(၃)လအတွင်း ရိုက်ကူးထားသောမျက်နှာ အနီးကပ်ပုံ (၁) ပုံ၊ ကိုယ်တစ်ပိုင်းပုံ (၁) ပုံ၊ ကိုယ်လုံးပြည့်ပုံ (၁) ပုံ၊ စုစုပေါင်း (၃) ပုံ ပူးတွဲတင်ပြရန်နှင့်မြန်မာနိုင်ငံသား စီစစ်ရေးကဒ် မိတ္တူ (၁) စုံ၊ အိမ်ထောင်စုစာရင်း မိတ္တူ (၁) စုံ၊မူရင်းနှင့် တကွ ပူးတွဲတင် ပြရန် လိုအပ်ပါသည်။ အသက် (၁၈) နှစ်မှ (၂၇) နှစ်အတွင်းရှိသူ ၊အိမ်ထောင်မရှိသူ အရပ် ၅ ပေ၊၃လက်မ (သို့) အထက်ရှိသူ ၊စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေး ကောင်းမွန်သူ၊ ပွဲအစမ်းလေ့ကျင့်ချိန်ကာလအတွင်း/ လူတွေ့စစ်ဆေးသည့်နေ့ နှင့် ပွဲကျင်းပသည့်နေ့တို့တွင် ပျက်ရက်မရှိဘဲ အချိန်တိကျစွာပါဝင်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။ မိဘအုပ်ထိန်းသူထံမှ ခွင့်ပြုကြောင်းထောက်ခံစာလည်း ပါရှိရမည်ဖြစ်သည်” ဆိုပြီး ဖေဖော်ဝါရီ (၈) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
Photo : Star Awards
ဆန်ခါတင်အရွေးခံရတဲ့ ပြိုင်ပွဲဝင် များကို မတ်လအတွင်းမှာ Stellar Seven Entertainment ကနေ ဖုန်းဆက်အကြောင်းကြားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
Star Awards ဆုပေးပွဲကြီးကို ၂၀၁၉ခုနှစ်က စတင်ကာ ၂၀၁၈ခုနှစ်အတွက်ရုပ်ရှင်ဇာတ်ကားများထဲက အကောင်းဆုံး ဇာတ်ကား ၂၁ကားကို ရွေးချယ်ကာ ထူးချွန်ဆု (၁၅) ဆု ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ Star Awards ဆုပေးပွဲကြီးရဲ့ ထူးခြားချက်ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေအတွက်ပါ ဆုချီးမြှင့်တာ ဖြစ်ပါတယ်။