Dota 2 ပရိသတ်များအတွက် စိတ်အဆာပြေကြည့်စရာ StarLadder Minor ရဲ့အုပ်စုပွဲစဉ်တွေပြီးဆုံးလို့ နောက်တစ်ဆင့် တက်ရမယ့်အသင်းတွေ ပေါ်ထွက်လာခဲ့ပါပြီ။
2019-2020 DPC Season ရဲ့တတိယမြောက် Minor ပြိုင်ပွဲဖြစ်တဲ့ StarLadder ImbaTV ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကတော့ ပြီးဆုံးလို့သွားခဲ့ပါပြီ။ Minor ပြိုင်ပွဲတွေရဲ့ထုံးစံအတိုင်း ပြိုင်ပွဲဝင်အသင်း ၈ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၄ သင်းကသာ နောက်တစ်ဆင့်ဖြစ်တဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။
ဆုကြေး ဒေါ်လာ ၃ သိန်းအပြင် DPC Point ၆၆၀ ချီးမြှင့်မယ့် ဒီပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်တဲ့အထဲမှာ ဖျက်မြင်းအသင်းကောင်းတွေဖြစ်တဲ့ Alliance, Gambit Esports နဲ့ Team Aster လိုအသင်းမျိုးတွေပါဝင်တာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်ဦးမှာကတော့ အသေအချာပါပဲ။
အုပ်စုအဆင့်ကို ပြန်ကြည့်မယ်ဆိုရင် Group A မှာ BOOM Esports, buusiness associates, forZe နဲ့ Team Aster တို့ပါဝင်ခဲ့ပြီး Group B မှာတော့ Alliance, CR4ZY, Gambit Esports နဲ့ NoPing e-sports အသင်းတို့ ပါဝင်ခဲ့ပါတယ်။ အုပ်စုချင်းယှဉ်ကြည့်မယ်ဆိုရင် Alliance နဲ့ Gambit Esports တို့ပါဝင်တဲ့ Group B ကပိုကြပ်ပြီး Group A ကတော့ အနည်းငယ်ချောင်တယ်လို့ဆိုရမှာဖြစ်ပါတယ်။
Team Aster ဟာ Group A မှာ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်ကို အစောဆုံးတက်ရောက်သွားနိုင်ခဲ့ပါတယ်။ Group B မှာတော့ gpk- ပြန်လည်ပါဝင်လာတဲ့ Gambit Esports ကတော့ Alliance ကိုကျော်ပြီး နောက်တစ်ဆင့်ကို ထိပ်ဆုံးကနေ တက်ရောက်သွားခဲ့ပါတယ်။
Fear တို့ရဲ့အသင်း business associates နဲ့ ဘရာဇီးအသင်း NoPing e-sports တို့ကတော့ တစ်ပွဲမှအနိုင်မရရှိခဲ့တာကြောင့် ပြိုင်ပွဲကနေ အစောဆုံးထွက်ခွာခဲ့ရပါတယ်။ Group A မှာ SEA အသင်း BOOM Esports နဲ့ CIS Veteran တွေပါဝင်တဲ့ forZe eSports တို့က ရမှတ်တွေတူညီနေခဲ့တာကြောင့် Tie-breaker ပွဲစဉ်ဆော့ကစားခဲ့ရပြီး BOOM Esports က 2:1 နဲ့အနိုင်ရရှိသွားခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
Group B မှာလည်း Alliance နဲ့ CR4ZY (ex-Fighting PandaS) အသင်းတို့က အဆုံးအဖြတ်ပွဲဆော့ကစားခဲ့ရပြီး ကစားသမား ၂ ဦးအထိအစားထိုးထားတဲ့ CR4ZY အသင်းက 0:2 နဲ့ အရေးနိမ့်သွားတာကြောင့် ရှုံးထွက်အဆင့်ကို တက်ရောက်ခွင့်ဆုံးရှုံးခဲ့ရပါတယ်။
ရှုံးထွက်အဆင့်ကို Double Elimination စနစ်နဲ့ကျင်းပမှာဖြစ်ပြီး BOOM Esports နဲ့ Gambit Esports တို့က ရှုံးထွက်အဆင့်ရဲ့အဖွင့်ပွဲစဉ်အဖြစ်ဆော့ကစားကြမှာပါ။ နောက်ဆုံးကျန်ခဲ့တဲ့ ၄ သင်းမှာ နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံနည်းတဲ့ BOOM Esports အသင်းကလွဲလို့ ကျန် ၃ သင်းဟာ လက်ရည်တူအသင်းကောင်းတွေဖြစ်တာကြောင့် ဘယ်အသင်းဗိုလ်စွဲပြီး ESL One Los Angeles Major ကို တက်ရောက်သွားမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
Written by Myo Thant Kyaw