SpaceX ရဲ့ Starlink အင်တာနက် Download Speed ဟာ စံချိန်သစ် ရောက်လာခဲ့တယ်လို့ သုံးစွဲသူတစ်ဦးက Reddit လူမှုကွန်ရက်ပေါ် မျှဝေထားပါတယ်။
လက်ရှိ Starlink သုံးစွဲသူ အများစုဟာ အင်တာနက်ဒေါင်းလုပ်ဆွဲမှုမြန်နှုန်း 100Mbps ကနေ 200Mbps အတွင်း အသုံးပြုနေကြတာ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့လအနည်းငယ်အတွင်း သုံးစွဲသူတချို့ကတော့ Download Speed မြန်နှုန်း 300Mbps ကျော်အထိ အသုံးပြုနိုင်တာ တွေ့ရတယ်ဆိုပြီး ပြောနေကြပါတယ်။
Photo: tesmanian
ဒီတစ်ပတ်ထဲမှာ ကနေဒါနိုင်ငံ နယူးဖောင်းလန်းခရိုင်က Starlink သုံးစွဲသူတစ်ယောက်ကတော့ Download Speed မြန်နှုန်း 400Mbps ကျော်အထိ အသုံးပြုနိုင်ကြောင်း Reddit လူမှုကွန်ရက်မှာ ပြောထားပါတယ်။ အွန်လိုင်းအင်တာနက်မြန်နှုန်းတိုင်းတာတဲ့ Speedtest.net ဝက်ဘ်ဆိုက်သုံးပြီး အင်တာနက်မြန်နှုန်းနဲ့ latency ကြန့်ကြာမှုတွေကို စစ်ကြည့်ရာမှာ Download Speed 414Mbps အထိ တက်လာတယ်လို့ Reddit ပေါ်မှာ ပြောထားပါတယ်။
"Starlink နဲ့ သုံးဖူးသမျှထဲမှာ တကယ့်ကို ချီးကျူးစရာအကောင်းဆုံးပါပဲ"လို့ Speed Test Screenshot နဲ့အတူ ရေးထားပါတယ်။ Speed Test စမ်းထားတဲ့ ပုံမှာ Upload Speed 27.4Mbps နဲ့ Latency 63ms ရှိထားတယ်လို့လည်း ပြထားပါတယ်။ အာကာသထဲ နောက်ထပ်ဂြိုလ်တုတွေ ထပ်လွှင့်တင်ပြီးရင် Upload Speed နဲ့ Latency ကြာချိန် အများကြီး တိုးတက်လာမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
Starlink ရဲ့ ဂြိုလ်တု Broadband အင်တာနက်ဝန်ဆောင်မှုဟာ လက်ရှိမှာ ကမ္ဘာ့ပတ်လမ်းအနိမ့် Low Earth Orbit ထဲ ဂြိုလ်တုပေါင်း ၁၈၄၀ ခန့်နဲ့ ဝန်ဆောင်မှုပေးနေတာ ဖြစ်ပြီး ၂၀၃၀ မတိုင်ခင် နောက်ထပ် ဂြိုလ်တုပေါင်း ၁၂၀၀ ထပ်လွှင့်တင်သွားမယ်လို့ ဆိုပါတယ်။ ၂၀၂၂ ခုနှစ်ကစပြီး Starlink ကနေ ပုံမှန်အင်တာနက်မြန်နှုန်း 300Mbps နဲ့ latency 20ms နှုန်း ရအောင် စီစဉ်ထားတယ်လို့ အီလွန်မတ်စ်က ကတိပြုပါတယ်။
Photo: wccftech
SpaceX ဟာ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှု ဖွံ့ဖြိုးရေးအတွက် ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် FCC နဲ့လည်း ဆွေးနွေးမှုတွေ လုပ်ထားတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ အင်တာနက်မြန်နှုန်း 10Gbps နှုန်းအထိ ရဖို့ မျှော်မှန်းထားပြီး လက်ရှိ Starlink beta service ကို နိုင်ငံပေါင်း ၂၀ ခန့်က လူပေါင်း ၁၄၀၀၀၀ ခန့်က အသုံးပြုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ Starlink အင်တာနက်ဝန်ဆောင်မှု ရဖို့ ၉၉ ဒေါ်လာနှုန်း စပေါ်ငွေတင်ရပြီး လက်ရှိမှာ လူပေါင်း ၅ သိန်းကျော်က စပေါ်တင်ထားတယ်လို့လည်း ဆိုပါတယ်။
အိန္ဒိယဈေးကွက်မှာလည်း Starlink ဝန်ဆောင်မှု ဝင်ဖို့ ပြင်ဆင်နေတဲ့ သတင်းတွေ ထွက်လာပေမယ့် အစိုးရအဖွဲ့ဘက်ကတော့ Starlink ဟာ အခုထိ လုပ်ငန်းလိုင်စင်လျှောက်မထားရသေးဘူးလို့ ပြောထားပါတယ်။