အီလွန်မတ်စ်ပိုင် SpaceX ကုမ္ပဏီဟာ ဒီနှစ်အတွင်းမှာ စံချိန်တင် ဒုံးကျည်အရေအတွက်လွှင့်တင်မှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း SpaceX ကနေ လွှင့်တင်ခဲ့တဲ့ ဒုံးကျည်အရေအတွက်ဟာ ဒီတစ်နှစ်အတွင်း ၃၂ စင်း ရှိပြီ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က လွှင့်တင်ခဲ့တဲ့ မစ်ရှင် ၃၁ ခုကို ကျော်လွန်ခဲ့တာ ဖြစ်ပါတယ်။ SpaceX ရဲ့ ၂၀၂၂ ခုနှစ်အတွက် ၃၂ စင်းမြောက် လွှင့်တင်မှုကို Falcon 9 ဒုံးကျည်သုံးပြီး လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပတ်လမ်းထဲက Starlink အင်တာနက် Broadband ဂြိုလ်တုအစုအဝေးကို တည်ဆောက်ဖို့ ဂြိုလ်တုလွှင့်တင်မှုတွေ လုပ်ခဲ့တာပါ။
"စံချင်တင် ပမာဏလွှင့်တင်နိုင်မှုအတွက် SpaceX အဖွဲ့ကို ချီးကျူးဂုဏ်ပြုပါတယ်။" လို့ ကမ္ဘာအနိမ့်ပတ်လမ်းထဲ Starlink ဂြိုလ်တု ၄၆ စင်း တပ်ဆင်ခဲ့တဲ့ မစ်ရှင်အပြီး SpaceX အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်က သောကြာနေ့မှာ Twitter ကနေ ရေးသား ဖော်ပြခဲ့ပါတယ်။
၃၂ စင်းမြောက် ဒုံးကျည်လွှင့်တင်မှုကို Vandenberg အာကာသအခြေစိုက်စခန်းမှာ ရှိတဲ့ ကုမ္ပဏီရဲ့ ကယ်လီဖိုးနီးယား ဒုံးကျည်လွှင့်တင်ရာ ဌာနကနေ လုပ်ဆောင်ခဲ့တာပါ။ လက်ရှိအချိန်အထိ အာကာသအတွင်း Starlink ဂြိုလ်တုပေါင်း ၃၀၀၀ နီးပါးကို ကုမ္ပဏီအနေနဲ့ လွှင့်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သောကြာနေ့က မစ်ရှင်ဟာ SpaceX ရဲ့ ၂၀၂၂ နှစ်အကုန်မှာ ကမ္ဘာပတ်လမ်း မစ်ရှင် ၅၂ ခု ရောက်ရှိရေး ပန်းတိုင်ရဲ့ မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။
SpaceX ရဲ့ အာကာသထဲ ပို့ဆောင်ပြီး ထပ်ခါထပ်ခါ ပြန်အသုံးချနိုင်တဲ့ Falcon 9 ဒုံးကျည်ဟာ ၁၅ ကြိမ်အထိ အာကာသနဲ့ ကမ္ဘာမြေကို အသွားအပြန် လွှင့်တင်နိုင်မယ်လို့လည်း ဆိုပါတယ်။ ၂၀၀၂ ခုနှစ်မှာ အာကာသခရီးသွားလာရေးအတွက် အီလွန်မတ်စ် တည်ထောင်ခဲ့တဲ့ SpaceX ကုမ္ပဏီဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း Falcon 9 ဒုံးကျည်တည်ဆောက်ရေးကနေ တည်ဆောက်ပြီး ဒုံးကျည်တွေကို စီမံခန့်ခွဲရေးနဲ့ အချိန်တိုအတွင်း ဒုံးကျည်တွန်းစက်ဟောင်းတွေ အသစ်ပြန်ပြင်ရေးဘက် ပို အာရုံစိုက်လာနေပါတယ်။
ကုမ္ပဏီဟာ နိုင်ငံတကာ အာကာသစခန်း နဲ့ ကမ္ဘာပတ်လမ်းအတွင်း လူတွေကို ပို့ဆောင်ဖို့နဲ့ Falcon 9 ပေါ်ကနေ လွှင့်တင်ဖို့ ဂျယ်လီချိုချဉ်ပုံစံ Crew Dragons အာကာသယာဉ်တွေလည်း အလားတူ နည်းဗျူဟာကို အသုံးပြုနေပါတယ်။ SpaceX ဟာ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုလုပ်နေတဲ့ OneWeb တို့လို ပြိုင်ဘက်တွေထက် ပိုပြီး ခြေလှမ်းသွက်သွက်နဲ့ Starlink ဂြိုလ်တုတွေ လွှင့်တင်ထားပါတယ်။
SpaceX အနေနဲ့ Falcon 9 ဒုံးကျည်တွေရဲ့မြန်ဆန်တဲ့ ပြန်လည် အသုံးချနိုင်စွမ်းနဲ့ ကိုယ်ပိုင် In-House ဒုံးကျည်တွေ အသုံးပြုနိုင်တဲ့ အားသာချက်တွေကြောင့် ဂြိုလ်တုအင်တာနက်ပိုင်းမှာ ပြိုင်ဘက်တွေထက် အပြတ်သာနေတာ ဖြစ်ပါတယ်။ Starlink ဝန်ဆောင်မှုနဲ့ အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ OneWeb ဟာ ရုရှားထုတ် Soyuz ဒုံးကျည်သုံးပြီး ဂြိုလ်တုတွေ လွှင့်တင်နေတာ ဖြစ်သလို ဂြိုလ်တုအရေအတွက်လည်း Starlink ထက် ပိုနည်းပါတယ်။ ကုမ္ပဏီအနေနဲ့ ယူကရိန်းအပေါ် ရုရှား ကျူးကျော်မှုကြောင့် ဒီနှစ်ထဲမှာ Soyuz နဲ့ စာချုပ်ချုပ်ဆိုမှုကို ပယ်ဖျက်လိုက်ပြီး Falcon 9 ဒုံးကျည်တွေ သုံးသွားဖို့ စီစဉ်ထားပါတယ်။