SpaceX အာကာသကုမ္ပဏီရဲ့ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုလုပ်ငန်း Starlink ဟာ ကမ္ဘာအနှံ့ကို ဖြန့်ကြက်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
ဒီတစ်ပတ်ထဲမှာပဲ Starlink ဟာ အရေးပါတဲ့ ပရောဂျက်သစ်နှစ်ခုကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ တစ်ခုက အီရန်မှာ ဂြိုလ်တုအင်တာနက်ပေးနိုင်ဖို့ နဲ့ နောက်တစ်ခုက အမေရိကန်ကျောင်းကားတွေမှာ အင်တာနက်တပ်ဆင်ဖို့ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့မှာ SpaceX တည်ထောင်သူ အီလွန်မတ်စ်က Starlink ကို အီရန်မှာ အသုံးပြုနိုင်တော့မယ်လို့ ကြေညာပါတယ်။ အမေရိကန်အစိုးရဘက်က အီရန်ကို အင်တာနက်ပြန်အသုံးပြုနိုင်ရေးအတွက် ဆန်ရှင်ဖြေလျှော့မှုတွေ လုပ်ဆောင်လာပြီးနောက် အီလွန်မတ်စ်က အခုလို ထုတ်ပြန်လိုက်တာပါ။
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အသက် ၂၃ နှစ်အရွယ် မာ့ဆာ အမ်မီနီကို Hijab ခေါင်းစည်းကို သေသေချာချာ မစည်းနှောင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးမှုဖြစ်ပွားခဲ့ရာကနေ နိုင်ငံအတွင်း ဆန္ဒပြမှုတွေ ဖြစ်ပွားနေပါတယ်။ အီရန်အစိုးရကလည်း ဆန္ဒပြမှုတွေကို ထိန်းချုပ်ဖို့ အင်တာနက်ဖြတ်တောက်တာတွေ ၊ Instagram နဲ့ WhatsApp တွေ ပိတ်ထားတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က စက်တင်ဘာ ၂၃ ရက်နေ့မှာ အီရန်အစိုးရရဲ့ ဆင်ဆာဖြတ်မှုကို တန်ပြန်ပြီး အီရန်ပြည်သူတွေအတွက် သတင်းစီးဆင်းမှုလွတ်လပ်ခွင့် နဲ့ အင်တာနက်လွတ်လပ်မှုပေးဖို့ ဒီဂျစ်တယ်ဆက်သွယ်ရေးရယူနိုင်စေမယ့် အထွေထွေလိုင်စင်တစ်ရပ် ထုတ်ပေးထားတယ်ဆိုပြီး Twitter မှာ ကြေညာပါတယ်။ နောက်တစ်ရက် အီလွန်မတ်စ်က Starlink ဖွင့်ပေးထားတယ်လို့ Tweet တင်ပါတယ်။
Starlink ဟာ ကျောင်းကားတွေမှာလည်း အင်တာနက်ပေးဖို့ စီစဉ်နေပါတယ်။ ပြီးခဲ့တဲ့မေလထဲမှာ ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် FCC ဥက္ကဌ ဂျက်ဆီကာ ရိုဆန်ဝေါ်ဆဲလ်က ဘတ်စ်ကားတွေမှာ WiFi တပ်ဆင်ဖို့ စာသင်ကျောင်းနဲ့ စာကြည့်တိုက်တွေအတွက် ရန်ပုံငွေတစ်ရပ်အဆိုပြုထားခဲ့ပါတယ်။ FCC ကို ဒီတစ်ပတ်ပေးပို့တဲ့ ပေးစာထဲမှာ SpaceX ဟာ ကုမ္ပဏီရဲ့ Starlink စက်ပစ္စည်းတွေ ကျောင်းကားတွေပေါ်မှာ တပ်ဆင်ခွင့်ပြုဖို့ ကော်မရှင်ကို လျှောက်ထားခဲ့ပါတယ်။ ဒီအစီအစဉ်ကနေ အိမ်မှာ အင်တာနက်မရတဲ့ အမေရိကန်သန်းပေါင်းများစွာကို အင်တာနက်အသုံးပြုနိုင်စေမယ်လို့လည်း ဖော်ပြထားပါတယ်။
FCC ဟာ ပြီးခဲ့တဲ့ဇွန်လထဲမှာ Starlink မိုဘိုင်းအင်တာနက်ကို လေယာဉ် ၊ လှေသင်္ဘောတွေ နဲ့ ထရပ်ကားတွေမှာ တပ်ဆင်ခွင့်ပြုထားပါတယ်။ SpaceX ဟာ ဒီနှစ်ထဲမှာပဲ ဟာဝေယံလေကြောင်းလိုင်း Royal Caribbean မှာ ကြိုးမဲ့အင်တာနက်ဝန်ဆောင်မှုပေးဖို့ သဘောတူလက်မှတ်ရေးထိုးထားပါတယ်။ ဒန်ဗာအခြေစိုက် Frontier လေကြောင်းလိုင်းကလည်း ကုမ္ပဏီပိုင် လေယာဉ်တွေပေါ်မှာ Starlink WiFi တပ်ဆင်ဖို့ SpaceX ကုမ္ပဏီနဲ့ စကားပြောထားကြောင်း ကုမ္ပဏီရဲ့ CEO ဘယ်ရီ ဘစ်ဖဲလ်က ပြောပါတယ်။
ဒီနှစ်ထဲမှာ Starlink စက်တွေ အသုံးပြုမှု တဟုန်းထိုးမြင့်တက်လာပြီးနောက် အင်တာနက်မြန်နှုန်းကျဆင်းလာတယ်လို့လည်း ဝေဖန်သံတွေ ရှိလာပါတယ်။ Starlink ရဲ့ Broadband ကွန်ရက်ဟာ ကမ္ဘာပတ်လမ်းအတွင်း ဂြိုလ်တုပေါင်း ၃၀၀၀ ကျော် လွှင့်တင်ထားပြီး ဖောက်သည်ပေါင်း ၅ သိန်းဝန်းကျင်ကို ဝန်ဆောင်မှုပေးထားပါတယ်။