SpaceX ကုမ္ပဏီနဲ့ T-Mobile တယ်လီကွန်းတို့ ပေါင်းပြီး စမတ်ဖုန်းအသုံးပြုသူတွေအတွက် အမိုက်စားဝန်ဆောင်မှုတစ်ခု စတင်ဖို့ စီစဉ်လိုက်ပါတယ်။
အီလွန်မတ်စ်ပိုင် SpaceX ဟာ T-Mobile နဲ့ ပူးပေါင်းပြီး T-Mobile အသုံးပြုသူတွေအတွက် SpaceX ရဲ့ Starlink ဂြိုလ်တုတွေ တိုက်ရိုက်ချိတ်ဆက်နိုင်မယ့်စနစ် ဖြန့်ချိဖို့ စီစဉ်ထားကြောင်း ကြေညာလိုက်ပါတယ်။ အမေရိကန်ရဲ့ ဒုတိယအကြီးဆုံးကြိုးမဲ့တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်း T-Mobile ဟာ SpaceX ဂြိုလ်တုတွေကို အသုံးပြုပြီး အမေရိကန်နိုင်ငံအတွင်းက ဝေးလံခေါင်ဖျားတဲ့ အစိတ်အပိုင်းတွေကို ကွန်ရက်တိုးချဲ့လွှမ်းခြုံနိုင်ဖို့ လုပ်ဆောင်လိုက်တာပါ။
T-Mobile ဟာ SpaceX ရဲ့ Starlink ဂြိုလ်တုအစုအဝေးကြီးနဲ့ ချိတ်ဆက်ပြီး ဆဲလ်တာဝါတိုင် မရှိတဲ့ ဒေသက ဖောက်သည်တွေအတွက် ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုပေးတော့မှာ ဖြစ်ပါတယ်။ ဝါရှင်တန်ပြည်နယ် Bellevue အခြေစိုက် T-Mobile ကုမ္ပဏီရဲ့ အဆိုအရ အမေရိကန်ပြည်ထောင်စုအတွင်းမှာ ကွန်ရက်လွှမ်းခြုံနိုင်ခြင်း မရှိတဲ့ ဧရိယာဟာ စတုရန်းမိုင် ၅ သိန်းကျော် ရှိတယ်လို့ ဆိုပါတယ်။
"အခုပူးပေါင်းမှုဟာ ဖုန်းလိုင်းမမိတဲ့ဇုန်တွေရဲ့ အဆုံးသတ်ပါပဲ။ ဒါက ဘေးကင်းစိတ်ချဖို့ ၊ ကျွန်တော်တို့ချစ်တဲ့ လူတွေနဲ့ ဆက်သွယ်ဖို့ နဲ့ ကျေးလက်ဒေသနေ ပြည်သူတွေအတွက် သိပ်ကို အရေးကြီးပါတယ်။ " လို့ SpaceX တည်ထောင်သူ အီလွန်မတ်စ်နဲ့ ပူးတွဲလုပ်ဆောင်တဲ့ ကြာသာပတေးနေ့ သတင်းထုတ်ပြန်ချက်မှာ T-Mobile အမှုဆောင်အရာရှိချုပ် မိုက်ခ်ဆီးလ်ဗာ့က ပြောပါတယ်။
T-Mobile ဟာ နှစ်ကုန်ပိုင်းကစပြီး ကျေးလက်အစွန်အဖျားတွေမှာ မက်ဆေ့ချ်ပို့ဆောင်တဲ့ ဝန်ဆောင်မှုကို စမ်းသပ်ဖို့ Starlink ဂြိုလ်တုတွေ စတင်အသုံးပြုတော့မှာ ဖြစ်ပါတယ်။ Starlink ဂြိုလ်တုအင်တာနက်ပါတဲ့ T-Mobile ဝန်ဆောင်မှု Plan ဟာ အပိုကုန်ကျစရိတ်မပေးရတဲ့ ကုမ္ပဏီရဲ့အကျော်ကြားဆုံး Plan တွေထဲက တစ်ခု ဖြစ်လာမယ်လို့လည်း ဆီးလ်ဗာ့က ဆိုပါတယ်။ T-Mobile ဟာ SpaceX ရဲ့ ဒုတိယမျိုးဆက် Starlink V2 ဂြိုလ်တုတွေ အသုံးပြုသွားမှာ ဖြစ်ပြီး ဒီဂြိုလ်တုတွေဟာ ဧရာမအန်တနာတိုင်တွေ တပ်ဆင်ထားမှာ ဖြစ်သလို ဆဲလ်တာဝါတစ်ခုကို အပြည့်အဝ ထုတ်လွှင့်သွားမှာပါ။
ပုံမှန်ဖုန်းလိုင်း မမိတဲ့ နေရာမျိုး ရောက်ချိန်မှာ Starlink ဂြိုလ်တုအင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းတစ်လုံးဟာ တစ်နာရီမိုင် ၁၇၀၀၀ နှုန်းနဲ့ အာကာသထဲ ခရီးသွားနေကြတဲ့ ဂြိုလ်တုတွေနဲ့ အလိုအလျောက် ချိတ်ဆက်မှု လုပ်သွားမှာ ဖြစ်ပါတယ်။ ဂြိုလ်တုတွေဟာ Bandwidth တစ်စက္ကန့် 2Mbps ကနေ 4Mbps နှုန်းနဲ့ ထောက်ပံ့သွားမှာပါ။ ဒီ Bandwidth ဟာ voice call ပေါင်း ၂၀၀၀ နဲ့ စာမက်ဆေ့ချ် သိန်းပေါင်းများစွာကို ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
SpaceX သူဌေး အီလွန်မတ်စ်ကတော့ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုဟာ ရှိပြီးသား လက်ရှိကွန်ရက်တွေကို အစားထိုးဖို့ မဟုတ်ဘဲ လစ်ဟာနေတဲ့ ဟာကွက်တွေကို ဖြည့်ဆည်းပေးဖို့ပဲ ရည်ရွယ်တယ်လို့ ပြောပါတယ်။ Tesla ကားတွေမှာလည်း AT&T ကွန်ရက်နဲ့ ချိတ်ဆက်မှုတွေ လုပ်ဆောင်ထားပြီး နောက်ထပ်လည်း ကွန်ရက်လွှမ်းခြုံမှုတိုးချဲ့သွားဖို့ လုပ်နေပါတယ်။ SpaceX ဟာ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကို ဖြန့်ကြက်နိုင်ဖို့ အမေရိကန်အပြင် ကမ္ဘာတလွှားက တခြားတယ်လီကွန်း Carriers တွေနဲ့လည်း မိတ်ဖက်ပြုသွားဖို့ စီစဉ်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လထဲမှာ SpaceX ဟာ ရုရှားနဲ့စစ်ဖြစ်နေတဲ့ ယူကရိန်းကို အင်တာနက်ပြတ်တောက်မှု မဖြစ်စေရေးအတွက် Stalink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု ထောက်ပံ့ခဲ့ပါတယ်။ SpaceX သူဌေး အီလွန်မတ်စ်ဟာ ယူကရိန်းဒုဝန်ကြီးချုပ် မီခေးလို ဖီဒေါ်ရော့ဗ် ရဲ့ Twitter ကတစ်ဆင့် အကူအညီတောင်းမှုကြောင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ထရပ်ကားတစ်စီးစာအပြည့် Starlink ဂြိုလ်တုဖမ်းစက်တွေ တင်ပို့ခဲ့တာပါ။
ကမ္ဘာကျော် ဘီလျံနာကြီးတစ်ဦးဖြစ်တဲ့ SpaceX သူဌေး အီလွန်မတ်စ်ဟာ ဆူနာမီကြောင့် အင်တာနက်ပြတ်တောက်သွားတဲ့ တွန်ဂါနိုင်ငံ အင်တာနက်ပြန်ရရေးအတွက်လည်း Starlink စက် ၅၀ လှူထားခဲ့ပါတယ်။ Starlink ဂြိုလ်တုအင်တာနက်ဟာ ဖိလစ်ပိုင်ဈေးကွက်ထဲ ဝင်ရောက်လာနေပြီး လာမယ့်နှစ်ကစလို့ အရှေ့တောင်အာရှဈေးကွက်တွေထဲ တိုးချဲ့ဖြန့်ချိသွားဖို့ စီစဉ်နေပါတယ်။
Share