တရုတ်စစ်ဘက်ဆိုင်ရာ သုတေသနပညာရှင်တွေကတော့ Starlink ဟာ တရုတ်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်တယ်လို့ ဆိုပါတယ်။
အမေရိကန်သူဌေးကြီး အီလွန်မတ်စ်ပိုင် Starlink ဂြိုလ်တုအင်တာနက်စနစ်ဟာ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာရင် ဖျက်ဆီးပစ်ဖို့ ဖျက်အားပြင်းလက်နက်တစ်မျိုး ထုတ်လုပ်ဖို့ပါ တရုတ်သုတေသနပညာရှင်တွေက တိုက်တွန်းထားတာပါ။ ပြီးခဲ့တဲ့လက တရုတ်နိုင်ငံက ထုတ်ဝေတဲ့ Modern Defence Technology ဂျာနယ်ထဲမှာ Starlink ဟာ နိုင်ငံရဲ့ အလေးအနက်ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒီစာတမ်းကို တရုတ် စစ်ဘက်ကာကွယ်ရေးဆိုင်ရာနဲ့ ဆက်စပ်နေတဲ့ သုတေသနပညာရှင် ငါးဦးက ရေးထားတာပါ။ စာတမ်းထဲမှာ "Starlink ဂြိုလ်တုတွေ သိပ်များလာပြီး ကြီးမားတဲ့ အချက်အလက်အများကြီးပါတဲ့ အသုံးချမှုတွေ ဖြစ်နိုင်တာကြောင့် ဒါက ကျွန်တော်တို့နိုင်ငံအတွက် မမြင်ရတဲ့ အန္တရာယ်နဲ့ စိန်ခေါ်မှုတွေ ယူဆောင်လာပါတယ်။ " လို့ ဖော်ပြထားပါတယ်။
SpaceX အာကာသယာဉ် ထုတ်လုပ်ရေးနဲ့ ခရီးသွားလာရေးကုမ္ပဏီရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုဟာ ကမ္ဘာပတ်လမ်းအတွင်း လည်ပတ်နေတဲ့ ဂြိုလ်တုငယ် ၂၃၀၀ ကျော်နဲ့ ဝန်ဆောင်မှုပေးနေတာပါ။ SpaceX အနေနဲ့ တစ်ကမ္ဘာလုံးက ဖောက်သည်နဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် မြန်နှုန်းမြင့် Broadband အင်တာနက်ဝန်ဆောင်မှု ပေးနိုင်ဖို့ ဂြိုလ်တုပေါင်း ၄၂၀၀၀ ပါတဲ့ ကွန်ရက်ကြီးတစ်ခု တည်ဆောက်ဖို့အထိပါ မျှော်မှန်းထားတာပါ။
Starlink ဂြိုလ်တု လွှင့်တင်မှု များလာတဲ့အပေါ် တရုတ်သုတေသီတွေက အမေရိကန်အစိုးရရဲ့ စစ်ရေးအသုံးချခံအဖြစ် အသုံးပြုလာမှာကို စိုးရိမ်နေတာပါ။ စစ်မြေပြင်မှာ အမေရိကန်တပ်ဖွဲ့တွေနဲ့ လေယာဉ်တွေ အင်တာနက်ဆက်သွယ်ရေးလုပ်ဖို့ Starlink ဂြိုလ်တုတွေ သုံးလာမှာမျိုး ဖြစ်ပါတယ်။ နောက်တစ်ချက်ကလည်း Starlink ဂြိုလ်တုကွန်ရက်မှာ တရုတ်ဂြိုလ်တုနဲ့ ဒုံးကျည်တွေကို ခြေရာခံထောက်လှမ်းနိုင်တဲ့ စနစ်တွေ တပ်ဆင်ပြီး ဖြုတ်ချဖျက်ဆီးတာမျိုး လုပ်နိုင်မလားလို့ တရုတ်သုတေသနပညာရှင်တွေက စိတ်ပူနေကြပါတယ်။
SpaceX အနေနဲ့ Starlink ကို ကာကွယ်ရေးဆိုင်ရာ အသုံးချဖို့အကြောင်း ပြောကြားခဲ့ခြင်း မရှိဘဲ ကမ္ဘာအနှံ့သာ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု ဖြန့်ကြက်ဖို့ ကြိုးစားနေကြောင်း ကြေညာထားပါတယ်။ တစ်ဖက်မှာလည်း ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းအတွက် Starlink ဂြိုလ်တုဖမ်းစက်တွေ ပို့ပြီး Broadband အင်တာနက်စနစ် ထောက်ပံ့ထားပါတယ်။
ရုရှားဘက်ကလည်း Starlink အင်တာနက်တွေ ယူကရိန်းမှာ သုံးမရအောင် ဆိုက်ဘာတိုက်ခိုက်မှုတွေ Signal Jamming တွေ လုပ်ပြီး နှောင့်ယှက်နေတယ်လို့ SpaceX CEO အီလွန်မတ်စ်က ပြောကြားခဲ့ပါတယ်။