SpaceX ကုမ္ပဏီရဲ့ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကို နေရာအများအပြားမှာ လစဉ်ကြေးနှုန်း ဈေးလျှော့ပေးလိုက်တယ်လို့ ဆိုပါတယ်။
အီလွန်မတ်စ်ပိုင် ဂြိုလ်တုအင်တာနက်လုပ်ငန်း Stalink ဟာ ဒေသတွင်းဈေးကွက်အခြေအနေအရ အင်တာနက်လစဉ်ကြေးကို လျှော့ချပေးလိုက်ပြီ ဖြစ်ကြောင်း ဖောက်သည်တွေကို အသိပေးလိုက်ပါတယ်။ နယ်သာလန်မှာ တစ်လ ၁၂၄ ယူရို ကျသင့်တဲ့ Starlink RV အင်တာနက်ဝန်ဆောင်မှုဟာ ဩဂုတ်လ ၂၄ ရက်နေ့ကစပြီး လစဉ်ကြေး ၁၀၅ ယူရိုအဖြစ် လျှော့ချပေးထားလိုက်တယ်လို့ ဆိုပါတယ်။
Starlink RV Service ဟာ ကားပေါ်မှာ Starlink ဂြိုလ်တုဖမ်းစက် တင်သွားပြီး ရောက်လေရာ အင်တာနက်အသုံးပြုနိုင်မယ့် ဝန်ဆောင်မှုဖြစ်ပြီး ဒီနှစ် ဇွန်လဆန်းပိုင်းကမှ စတင်ထားတာပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် အရာရာတိုင်း ဈေးကြီးနေချိန်မှာ အခုလိုမျိုး အင်တာနက်လစဉ်ကြေးတွေ လျှော့ချပေးလိုက်တာလို့ ကုမ္ပဏီက ဆိုပါတယ်။
"ဈေးနှုန်းလျှော့ချပေးတာဟာ သင့်ရဲ့ ဒေသဈေးကွက်အခြေအနေအရ လျှော့ချပေးတာ ဖြစ်ပြီး ကျွန်တော်တို့ ဖော်ကသည်တွေ ဝယ်လိုအားကို ညှိပေးနိုင်ဖို့ ရည်ရွယ်ပါတယ်" လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
SpaceX ဟာ ကမ္ဘာ့တခြားဈေးကွက်နေရာတွေမှာလည်း Starlink ဂြိုလ်တုအင်တာနက်ဈေး လျှော့ချပေးနေပါတယ်။ ယူကေမှာ နေထိုင်တဲ့ Reddit User တစ်ဦးက Starlink ဟာ လစဉ်ကြေးကို အရင် ၈၉ ပေါင်ကနေ ၇၅ ပေါင်ဈေး လျှော့ပေးထားတယ်လို့ ပြောပါတယ်။ မက္ကဆီကိုမှာ အရင် မက္ကဆီကန်ပီဆို ၂၂၉၉ ကနေ ၁၁၀၀ ဈေး ၊ ဂျာမနီမှာ ယူရို ၁၀၀ ကနေ ယူရို ၈၀ ဈေးတွေ လျှော့ချလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။
အိုင်ယာလန်ဈေးကွက်မှာ SpaceX ဟာ Starlink အင်တာနက်လစဉ်ကြေးကို တစ်လ ၉၉ ယူရိုကနေ ၈၅ ယူရိုကို ဈေးချပေးထားသလို ချီလီနဲ့ ဘရာဇီးက Starlink ဂြိုလ်တုအင်တာနက်အသုံးပြုသူတွေကတော့ လစဉ်ကြေးကို ဈေးထက်ဝက်နီးပါး လျှော့ဈေးနဲ့ အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံ နီဗာဒါးပြည်နယ်မှာ နေထိုင်သူတစ်ဦးကလည်း သူဟာ လစဉ်ကြေး ဒေါ်လာ ၁၁၀ နှုန်းရှိတဲ့ Starlink အင်တာနက်ဝန်ဆောင်မှုကို ၈၅ ဒေါ်လာနဲ့ အသုံးပြုနေရပြီလို့ ပြောထားပါတယ်။
Starlink ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်စာမျက်နှာမှာတော့ စက်ပစ္စည်းဖိုး ၅၉၉ ဒေါ်လာ ပေးပြီးတဲ့နောက် လစဉ်ကြေးအနေနဲ့ တစ်လကို ဒေါ်လာ ၁၁၀ ကောက်ခံကြောင်း ကြေညာထားပြီး ဈေးလျှော့ပေးနေတဲ့အကြောင်းတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ SpaceX ဟာ စက်ဖိုးတင် ဇူလိုင်လကုန်ပိုင်းကလည်း ပြင်သစ်က Starlink အသုံးပြုသူတွေရဲ့ လစဉ် စာရင်းသွင်းအသုံးပြုခကို ၉၉ ယူရိုကနေ ယူရို ၅၀ ကို လျှော့ချပေးထားပါတယ်။ အားနည်းချက်အနေနဲ့တော့ Starlink အသုံးပြုသူတွေ များလွန်းလို့ အင်တာနက်လိုင်းကျပ်ခဲ့ပြီး မြန်နှုန်းမြင့်ဒေတာ လျှော့ချကန့်သတ်မှုတွေ ရှိခဲ့ပါတယ်။
လစဉ်ကြေးတွေ ဈေးချပေးတဲ့တခြားဈေးကွက်တွေမှာရော ဒေတာမြန်နှုန်းတွေ လျှော့ချထားသေးလား ဒါမှမဟုတ် ဒေတာပမာဏ ကန့်သတ်ထားတာတွေ ရှိသလားဆိုတာတော့ မသိရသေးပါဘူး။
ဩဂုတ်လဆန်းပိုင်းကလည်း Starlink ဟာ ပုံမှန်ဈေး ဒေါ်လာ ၆၀၀ ရှိတဲ့ ဂြိုလ်တုအင်တာနက်ဖမ်းစက်တွေကို အီတလီမှာ ဒေါ်လာ ၄၀၀ လျှော့ဈေးပေးပြီး ဒေါ်လာ ၂၀၀ တည်းနဲ့ ရောင်းချသွားခဲ့ပါတယ်။ Starlink စက်တွေ လျှော့ဈေးပေးနေတာ အီတလီတစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့လက ဂျာမနီမှာလည်း SpaceX ဟာ Starlink ဂြိုလ်တုဖမ်းစက်တွေကို ယူရို ၄၀၀ (ကန်ဒေါ်လာ ၄၀၆ ဒေါ်လာ) ဈေးနဲ့ ဈေးချပေးခဲ့တာ ရှိပါတယ်။