SpaceX ဟာ ကုမ္ပဏီရဲ့ ဂြိုလ်တုအင်တာနက်ကွန်ရက်စနစ်ထဲ ဝင်ရောက်ထိုးဖောက်ကြဖို့ ဆိုက်ဘာလုံခြုံရေးသုတေသနပညာရှင်တွေကို ဖိတ်ခေါ်လိုက်ပါတယ်။
Starlink ဂြိုလ်တုအင်တာနက်ကွန်ရက်ရဲ့ စနစ်ချို့ယွင်းချက်ကို ရှာပေးဖို့ ဆိုက်ဘာလုံခြုံရေးပညာရှင်တွေကို ဖိတ်ခေါ်ထားတာ ဖြစ်ပြီး ဝန်ဆောင်မှုထဲမှာ Bugs တွေ တွေ့ခဲ့မယ်ဆိုရင် ကန်ဒေါ်လာ ၂၅၀၀၀ (မြန်မာငွေ သိန်း ၆၇၀ ကျော်) အထိ ဆုချီးမြှင့်သွားမယ်လို့လည်း ကမ်းလှမ်းထားပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က လန်းနာ့တ် ဝေါ့တားစ်ဆိုတဲ့ လုံခြုံရေးသုတေသနပညာရှင်က ကိုယ့်ဘာသာ ထုတ်လုပ်ထားတဲ့ ၂၅ ဒေါ်လာတန် ပစ္စည်းလေးသုံးပြီး Starlink စနစ်ကို Hack ခဲ့တဲ့နောက် ကုမ္ပဏီဘက်က အခုလို ဆုကြေးပေးတဲ့ အစီအစဉ်အကြောင်း ကြေညာလိုက်တာပါ။
ဝေါ့တားစ်ဟာ SpaceX ရဲ့ ပြစ်ချက်ရှာဆုကြေးပေးအစီအစဉ် (Bug Bounty Program) ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ဒီစမ်းသပ်မှုကို လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ SpaceX ရဲ့ Bug Bounty Program အတွက် လုံခြုံရေးသုတေသီတွေဟာ Starlink ကွန်ရက်အတွင်းက ဖြစ်နိုင်ခြေရှိတဲ့ စနစ်အားနည်းချက်တွေကို ရှာဖွေ တင်ပြရမှာ ဖြစ်ပါတယ်။ စာမျက်နှာ ၆ မျက်နှာပါတဲ့ Starlink ရဲ့ Bug Bounty Program ဖိတ်ကြားကြောင်း စာထဲမှာ SpaceX ဟာ ဝေါ့တားစ်ရဲ့ သုတေသနပြုချက်ကို ချီးကျူးဂုဏ်ပြုထားပါတယ်။
"ဒီဆိုက်ဘာတိုက်ခိုက်မှုက နည်းပညာပိုင်းအရ ချီးကျူးစရာကောင်းတယ်လို့ တွေ့ရပါတယ်။ ကျွန်တော်တို့စနစ်အကြောင်း သိအောင် လုပ်နိုင်တဲ့ တိုက်ခိုက်မှုထဲက ပထမဆုံး တိုက်ခိုက်မှုပါပဲ"လို့ SpaceX ရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ဝေါ့တားစ်ရဲ့ အိမ်လုပ် ဆားကစ်ဘုတ်နဲ့ Hack မှုကို Starlink အသုံးပြုသူတွေ မစိုးရိမ်ကြဖို့နဲ့ ဒါက ဂြိုလ်တုတွေကို တိုက်ရိုက် သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့လည်း SpaceX က ပြောထားပါတယ်။
SpaceX ကုမ္ပဏီရဲ့ အင်ဂျင်နီယာတွေကိုယ်တိုင် Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု လုံခြုံရေးနဲ့နဲ့ စနစ်အရည်အသွေးပိုမို ကောင်းမွန်လာစေဖို့ အမြဲတမ်း စနစ်ထဲ ထိုးဖောက်မှုတွေ လုပ်နေကြတယ်လို့လည်း ဆိုပါတယ်။ Starlink လုံခြုံရေးပိုမြင့်မားအောင် ကူညီချင်တဲ့ ပြင်ပက ဘယ်လုံခြုံရေးသုတေသီကိုမဆို ကုမ္ပဏီဘက်က ဖိတ်ခေါ်ကြောင်း နဲ့ ကုမ္ပဏီရဲ့ Bug Bounty Program မှာ သူတို့ရဲ့ တွေ့ရှိချက်တွေ တင်သွင်းကြဖို့လည်း ပါဝင်စေလိုကြောင်းပါ ပြောထားပါတယ်။
"တာဝန်ယူနိုင်တဲ့ လုံခြုံရေးသုတေသီတွေကို သူတို့ရဲ့ ကိုယ်ပိုင်စမ်းသပ်မှုတွေ လုပ်ဖို့ ကျွန်တော်တို့ ခွင့်ပြုပါတယ်။ သူတို့ဘက်က စနစ်အားနည်းချက်တွေ တွေ့ပြီဆိုရင် ကျွန်တော်တို့က ဆုကြေးငွေတွေ ချီးမြှင့်သွားမှာပါ။" လို့ SpaceX က ပြောပါတယ်။ SpaceX ရဲ့ Bug Bounty ဝက်ဘ်ဆိုက်စာမျက်နှာထဲမှာ စနစ်အားနည်းချက်ရဲ့ အတိုင်းအတာပေါ် လိုက်ပြီး ဆုကြေးငွေ ဒေါ်လာ ၁၀၀ ကနေ ဒေါ်လာ ၂၅၀၀၀ အထိ ချီးမြှင့်သွားမယ်လို့လည်း ကြေညာထားပါတယ်။
လက်ရှိအချိန်အထိ SpaceX ရဲ့ Bug Bounty ဝက်ဘ်ဆိုက်မှာ Starlink စနစ်ထဲက အရေးကြီးတဲ့ လုံခြုံရေးပြဿနာတွေအကြောင်း အစီရင်ခံတင်ပြထားတဲ့ သုတေသီ ၃၂ ဦး ရှိနေပြီး ဒီပညာရှင်တွေကို ပြီးခဲ့တဲ့ ၃ လအတွင်း ပျမ်းမျှဆုကြေးထုတ်ပေးမှု ၉၇၃ ဒေါ်လာနှုန်း ရှိခဲ့တယ်လို့လည်း ပြောပါတယ်။