ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်(၇)မြို့နယ်ကို ဧပြီလ ၁၈ရက်ကစပြီး Stay at Home အစီအစဉ်စတင်ပြီးနောက် ဒီနေ့နံနက်ပိုင်းမှာတော့နောက်ထပ်(၃)မြို့နယ်ထပ်တိုးလာခဲ့ပါတယ်။
ဧပြီလ ၂၅ရက်နေ့က MRTV က ထုတ်လွှင့်ခဲ့တဲ့ နံနက်(၈)နာရီသတင်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက တာမွေ၊ဗိုလ်တထောင်နဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ Stay at Home အစီအစဉ်အကျုံးဝင်တယ်လို့ကြေညာခဲ့ပါတယ်။
" ကျွန်တော်တို့ဆီကိုတော့စာရောက်နေပါပြီ။ အခု မြို့နယ်အတွင်းမှာ ဘာတွေဆက်လုပ်မလဲဆိုတာကို အစည်းအဝေးလုပ်နေပါတယ်လို့" Stay at Home ထပ်တိုးမြို့နယ်ထဲမှာပါဝင်တဲ့ မင်္ဂလာဒုံမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက Duwun ကိုပြောပါတယ်။ "ကျွန်တော်တို့ဘက်မှာတော့ သေချာမသိသေးဘူး။ ရောဂါပိုးတွေ့ထားတဲ့လူနာအိမ်ကို Lock Down လုပ်ထားတာပဲ သိသေးတယ်"လို့ တာနေမွေမြို့နယ်၊ မဲဆန္ဒနယ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်ကလည်း Duwun ရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဧပြီလ ၁၈ရက်က ရန်ကုန်တိုင်းအတွင်းက တောင်ဥက္ကလာ၊ ဗဟန်း၊ ပန်းဘဲတန်း၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ မရမ်းကုန်းမြို့နယ်တွေမှာ Stay at Home အီအစဉ်စတင်ပြီးနောက် လက်ရှိ(၃)မြို့နယ်ထပ်တိုးလာတဲ့အတွက် စုစုပေါင်း ၁၀မြို့နယ်အထိရှိခဲ့ပြီဖြစ်ပါတယ်။ Stay at Home အစီအစဉ်ပြုလုပ်ထားတဲ့ မြို့နယ်တွေမှာ အပြင်လူအဝင်အထွက်ကိုလည်း စစ်ဆေးရေးဂိတ်တွေ တားဆီးစစ်ဆေးနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အားလုံးမှာ ည(၁၀)နာရီကနေ နံနက် (၄)နာရီအထိ အပြင်မထွက်ဖို့အတွက်လည်း မေတ္တာရပ်ခံချက်ထုတ်ပြန်ထားပါတယ်။