မိသားစု စားဝတ်နေရေး အကြောင်းပြောပြလာပါတယ်။

မင်းခန့်ကျော်ကတော့ မိသားစု စားဝတ်နေရေးအတွက် အလုပ်တွေ ပြန်လုပ်ချင်နေပြီဆိုတဲ့ သူ့ရဲ့ ဆန္ဒကို ပြောပြလာပါတယ်။ 

Photo: Min Khant Kyaw



သရုပ်ဆောင် မင်းခန့်ကျော်ကတော့ Covid-19 ကာလမှာ ဝင်ငွေထက် ထွက်ငွေက ပိုများတယ်လို့ ဆိုပါတယ်။ သူ့ကို မှီခိုနေရတဲ့ အဖွဲ့သားတွေအတွက် အလုပ်တွေ ပြန်လုပ်ချင်နေပြီဆိုတာကိုလည်း Duwun ကို ပြောလာပါတယ်။ 

“ အိမ်မှာထိုင်နေရင်း ဒီကာလပြီးသွားမလားဆိုတာကို စောင့်ဆိုင်းရင်းနဲ့ ဝင်ငွေ မရှိပဲ ထွက်ငွေ စထွက်တယ်ပေါ့။ ဖုန်းဘေ ထွက်တယ်၊ တစ်နေ့တာ စားဖို့၊ ဈေးဖိုး တစ်နေ့ကို မကုန်ပါဘူးဆိုရင် တစ်သောင်းခွဲလောက်က ကုန်တယ်။ တစ်လ ဆိုတော့ ၄ သိန်းခွဲပေါ့။ ဒီအချိန်မှာ ဝန်ထမ်းတွေက အကောင်းဆုံးပါပဲ။ လစာရတာပဲလေ အနည်းဆုံးတောင် လတဝက်စာ ရတဲ့သူတွေရှိပါတယ်။ အနုပညာရှင်တွေကကျတော့ အခုချိန်မှာ ဘုရားက လွဲလို့ တခြား ကိုးကွယ်ရာ ဘာမှ မရှိပါဘူး။ ကပ်ဆိုးကြီး ကျော်လွှားပြီး အလုပ်တွေ ပြန်လည်ပတ်နိုင်ဖို့ပေါ့။ ကျွန်တော်တစ်ယောက် အလုပ်လုပ်ရင် အနောက်မှာ Crew အယောက်(၃၀) လောက် ထမင်းစားလို့ရပါတယ်” ဆိုပြီးတော့ မေလ ၂၂ ရက်နေ့က ရုပ်ရှင်အစည်းအရုံး အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Min Khant Kyaw

မင်းခန့်ကျော်ဟာ Covid-19 ကာလမှာ ဈေးရောင်းဖို့ စီစဉ်ထားသေးတယ်လို့ သူကဆိုပါတယ်။ ရေရှည်လုပ်ကိုင်ဖို့ အဆင်မပြေတာကြောင့် အနုပညာနဲ့ ပတ်သက်တဲ့ အရာတွေကိုပဲ ပိုအာရုံစိုက်ဖြစ်တယ်လို့ ပြောပါတယ်။ 

" ကျွန်တော်အခု ဈေးရောင်းဖို့ စီစဉ်ထားတယ်။ ပစ္စည်းတွေကို ရောင်းမယ်လို့ ချိန်နေပေမယ့်လည်း ရေရှည်မှ ရောင်းလို့မရတာ။ ဈေးရောင်းတဲ့အလုပ်ကို ဇောက်ချ လုပ်နိုင်သလားဆိုတော့လည်း မလုပ်နိုင်ဘူးလေ။ ကျွန်တော်တို့ဟာ ခြေတစ်လှမ်း နောက်ဆုတ်ထားရတဲ့သူဖြစ်တဲ့အတွက် အခုလို နားနေတဲ့အချိန်မှာ ရေရှည်အတွက် ဘာတွေ လုပ်သင့်လဲ စဉ်းစားတယ်။ ဇာတ်တွေရေးတယ်၊ ဇာတ်ကားတွေ များများကြည့်ဖြစ်တယ်။ ကိုယ့်အတွက် မကောင်းတဲ့အထဲက ကောင်းတာကို ရှာရတာပေါ့နော်။ ဈေးရောင်းတဲ့ အစီအစဉ်ကတော့ ကပ်ဆိုးကြီးပြီးရင်လည်း ရောင်းဖို့ အစီအစဉ်မရှိလောက်တော့ပါဘူး” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Min Khant Kyaw

မင်းခန့်ကျော်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားတော်တော်များများ ရိုက်ကူးရသူဖြစ်တာကြောင့် အက်ရှင်မင်းသားလို့လည်း ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်လေ့ရှိပါတယ်။ မင်းခန့်ကျော်ကို အားပေးတဲ့ ပရိသတ်တွေကတော့ နယ်ပရိသတ်တွေ ပိုများပါတယ်။ လက်ရှိ အချိန်ထိ လည်း အက်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေဆဲ ဖြစ်တဲ့ သရုပ်ဆောင် တစ်ယောက်ပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က