ဩစတြေးလျအရှေ့တောင်ပိုင်း ကမ်းခြေနေရာတစ်ခုမှာ တောမီးများ ကူးစက်လောင်ကျွမ်းလာမှုကြောင့် နှစ်သစ်ကူးအားလပ်ရက် အပန်းဖြေခရီးသွား ထောင်နဲ့ချီ ပိတ်မိကာ ပြေးစရာမြေမရှိဖြစ်ပြီး ပင်လယ်ကမ်းစပ်သို့ ထွက်ပြေးခဲ့ကြရပါတယ်။
ယနေ့ (ဒီဇင်ဘာ ၃၁ ရက်) မနက်ပိုင်းက ဗစ်တိုးရီးယားပြည်နယ် ကမ်းရိုးတန်းမြို့ငယ်ဖြစ်တဲ့ Mallacoota မြို့ကို တောမီးများကူးစက်လာခဲ့ပြီး နေအိမ်များဘက်သို့ မီးစများ လွင့်ကျလာခဲ့ပါတယ်။ တောမီးကူးစက်လောင်ကျွမ်းလာတဲ့ နှစ်သစ်ကူးအားလပ်ရက်အတွင်း ခရီးသွားတွေ လာရောက်မှုများပြားလေ့ရှိတဲ့ Mallacoota မြို့မှာ လူဦးရေ ၄,၀၀၀ အထိ ပိတ်မိနေခဲ့တယ်လို့ ဆိုပါတယ်။
(Photo: BradleyWDeacon/Twitter)
တောမီးလောင်မှုမှ မီးခိုးတွေကြောင့် Mallacoota မြို့ဟာ အမှောင်ကျသွားပြီး နေ့မှ ညအသွင်ပြောင်းလဲသွားခဲ့ကြောင်းလည်း သိရပါတယ်။ "ကျွန်တော်တို့ Mallacoota မှာ မီးငြှိမ်းသတ်တဲ့ အဖွဲ့သုံးဖွဲ့ရှိပါတယ်၊ အဲဒီမှာ လူ ၄,၀၀၀ လောက် ပင်လယ်ကမ်းစပ်မှာ ရောက်နေကြပါတယ်" လို့ ဗစ်တိုးရီးယားပြည်နယ် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဌာန အကြီးအကဲ အန်ဒရူးခရစ်ပ်က ABC သတင်းဌာနကို ပြောပါတယ်။ Mallacoota မြို့မှာ ပိတ်မိနေသူတွေ ဘေးကင်းလုံခြုံစေရေး ကာကွယ်ပေးရန် မီးသတ်သမားများ စေလွှတ်ခဲ့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။
(Photo: bluesfestblues/Instagram)
ထိုအတောအတွင်း ဩစတြေးလျမှာ တောမီးလောင်မှုနဲ့ ဆက်နွယ်ပြီး သေဆုံးသူအရေအတွက် ၁၂ ဦးရှိလာကြောင်း အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ ဆစ်ဒနီမြို့နဲ့ မဲလ်ဘုန်းမြို့ကြားရှိ အားလပ်ရက် အပန်းဖြေခရီးထွက်ရာ ကမ်းရိုးတန်းတစ်လျှောက်ရှိ နေရာတွေဟာ လတ်တလောမှာ တောမီးကြောင့် သွားလာရေးပြတ်တောက်နေပါတယ်။ တောမီးလောင်မှု အန္တရာယ်ရှိနိုင်တဲ့ နေရာများမှ အားလပ်ရက် ခရီးသွား ၃၀,၀၀၀ အထိကို ထွက်ခွာကြရန် အာဏာပိုင်တွေက သတိပေးထားခဲ့ကြောင်းလည်း သိရပါတယ်။
ဩစတြေးလျမှာ ယခုရက်ပိုင်းအတွင်း အပူချိန်မြင့်တက်နဲ့ လေပြင်းတိုက်မှုတ ဖြစ်ပေါ်နေမှုက တောမီးလောင်မှုကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ လတ်တလော လပိုင်းအတွင်း ဩစတြေးလျနိုင်ငံတစ်ဝှမ်း အနည်းဆုံး မြေဧက ၇.၄ သန်းမှာ တောမီးများ ကူးစက်လောင်ကျွမ်းခဲ့ပြီး နေအိမ် ၈၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရပါတယ်။ ဩစတြေးလျမှာ တောမီးလောင်မှုတွေ နှစ်စဥ် ဖြစ်ပွားလေ့ရှိပြီး ရာသီဥတုပြောင်းလဲမှုကြောင့် မီးလောင်မှုဟာ ပိုမိုပြင်းထန်လာကြောင်း သိပ္ပံပညာရှင်တွေက သုံးသပ်ထားပါတယ်။