ရာသီဥတု ဖောက်ပြန်မှု ပြင်းထန်ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။

တောမီးလောင်မှုတွေ အကြီးအကျယ် ဖြစ်ပွားနေခဲ့တဲ့ ဩစတြေးလျနိုင်ငံရဲ့ ပူပြင်းခြောက်သွေ့တဲ့ နေရာဒေသတွေမှာ ထိတ်လန့်ဖွယ်ရာ ဖုန်မှုန်နဲ့သဲမုန်တိုင်းများ တိုက်ခတ်ခဲ့ပြီး အရှေ့ဘက်ကမ်းရိုးတန်းမှာတော့ မိုးထစ်ချုန်းသံတွေနဲ့အတူ ကြီးမားတဲ့ မိုးသီးကြွေကျမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

(Photo: Marcia Macmillan)

တောမီးလောင်မှု ရင်ဆိုင်နေခဲ့ရတဲ့ ဩစတြေးလျမှာ ရာသီဥတု ဖောက်ပြန်မှု ပြင်းထန်ဆိုးရွားခဲ့တာလည်း ဖြစ်ပါတယ်။ နိုင်ငံတောင်ပိုင်း မဲလ်ဘုန်းမြို့မှာ ယမန်နေ့ (ဇန်နဝါရီ ၁၉ ရက်) နှောင်းပိုင်းက ကြီးမားတဲ့ မိုးသီးကြွေကျမှုတွေ ဖြစ်ပေါ်ခဲ့ပြီး တောမီးလောင်ခဲ့တဲ့ ဗစ်တိုးရီးယားပြည်နယ် နေရာဒေသတွေမှာလည်း ညလုံးပေါက် မိုးသည်းထန်ခဲ့ကာ ရာသီဥတုဆိုးရွားကြောင်း သတိပေးချက်များ ထုတ်ပြန်ထားရပါတယ်။ New South Wales ပြည်နယ်အနောက်ပိုင်း ဝေးလံသီခေါင်တဲ့ နေရာတစ်ခုမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဖုန်မှုန်နဲ့သဲမုန်တိုင်းတိုက်မှုအတွင်း ကြီးမားတဲ့ ဖုန်မှုန်နဲ့သဲနံရံကြီးတစ်ခု လိမ့်လာနေတဲ့ မှတ်တမ်းဗီဒီယိုနဲ့ ဓာတ်ပုံတွေ ထွက်ပေါ်ခဲ့ပါတယ်။



(Photo: David Foote)

ဒေသခံတွေရဲ့ အဆိုအရ ဖုန်မှုန်နဲ့သဲမုန်တိုင်းကြောင့် နေ့လယ်ပိုင်းအချိန်ဟာ ညကဲ့သို့ မှောင်မည်းသွားခဲ့ကြောင်းလည်း သိရပါတယ်။ ၎င်းတို့နေရာမှာ ဖုန်မှုန်နဲ့သဲမုန်တိုင်းတွေ တိုက်လေ့ရှိပေမဲ့ ယခုတစ်ကြိမ်မှာမူ ပိုမိုကြီးမားခဲ့ကြောင်း ဒေသခံအမျိုးသမီး Ashleigh Hull က AFP သတင်းဌာနကို ပြောပါတယ်။ ဩစတြေးလျမြို့တော် ကန်ဘာရာမြို့မှာလည်း ယနေ့ (ဇန်နဝါရီ ၂၀ ရက်) ကြီးမားတဲ့ မိုးသီးကြွေကျမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မိုးသီးကြွေကျမှုတွေကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်နိုင်မှုအတွက် ကားများကို အမိုးအကာအောက်မှာထားကြရန်၊ သစ်ပင်နဲ့ လျှပ်စစ်ဓာတ်အားလိုင်းများမှ အဝေးမှာ သွားလာနေထိုင်ကြရန် တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။

(Photo: Laurie Matthews/Twitter)

တောမီးလောင်မှုတွေ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ ယခုရက်ပိုင်းအတွင်းကလည်း မိုးသည်းထန်စွာရွာသွန်းပြီး မိုးသက်မုန်တိုင်းများ ကျရောက်ခဲ့ရာ နေရာအချို့မှာ ရေကြီးမှုအန္တရာယ်ကြုံခဲ့ပါတယ်။ ယမန်နှစ် စက်တင်ဘာလကတည်းက ရာသီဥတုပြောင်းလဲမှုကြောင့် ဩစတြေးလျမှာ မကြုံးစဖူး ကြီးမားတဲ့ တောမီးလောင်မှုတွေ ဖြစ်ပွားနေခဲ့ပါတယ်။ မြေဧက သန်းနဲ့ချီ တောမီးလောင်ကျွမ်းခဲ့ပြီး လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

(Photo: Sky News)

တောမီးလောင်မှုတွေကြောင့် ကိုအာလာဝက်ဝံ ၈,၀၀၀ အပါအဝင် ခန့်မှန်းခြေအားဖြင့် တိရိစ္ဆာန် သန်း ၄၈၀ ခန့် သေဆုံးခဲ့ကြကြောင်း ဆစ်ဒနီတက္ကသိုလ်မှ ဂေဟဗေဒပညာရှင်တွေက ပြောပါတယ်။ ဩစတြေးလျမှာ တောမီးလောင်မှုအတွင်း နေအိမ် ၂,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်းလည်း သိရပါတယ်။ ဩစတြေးလျမှာ တောမီးလောင်မှုတွေ နှစ်စဥ် ဖြစ်ပွားလေ့ရှိပြီး ရာသီဥတုပြောင်းလဲမှုကြောင့် မီးလောင်မှုဟာ ပိုမိုပြင်းထန်လာကြောင်း သိပ္ပံပညာရှင်တွေက သုံးသပ်ထားပါတယ်။


.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က