ဩစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့မှာ ရက်ဂ်ဘီကစားသမားဟောင်းနဲ့ ဇနီးဖြစ်သူ၊ ၎င်းတို့ရဲ့ ကလေးသုံးဦးတို့ ကားမီးလောင်မှုအတွင်း သေဆုံးသွားခဲ့ပါတယ်။
ရက်ဂ်ဘီကစားသမားဟောင်းက ကားကို ဓာတ်ဆီလောင်း မီးရှို့ခဲ့ခြင်းဖြစ်တယ်လို့ ဩစတြေးလျမီဒီယာအချို့က ဖော်ပြနေကြပါတယ်
အသက် ၄၂ နှစ်အရွယ် ရိုဝင်ဘက်ဇ်တာက ဇနီးရဲ့ကားကို ဓာတ်ဆီလောင်း မီးရှို့ခဲ့ခြင်းဖြစ်တယ်လို့ ဩစတြေးလျမီဒီယာအချို့က ဖော်ပြနေကြပါတယ်။ ရဲတပ်ဖွဲ့ကတော့ ယခု ကားမီးလောင်မှု မည်သို့စတင်ဖြစ်ပွားခဲ့ကြောင်း အတိအကျသိရှိရန် စောလွန်းနေသေးတယ်လို့ ထုတ်ပြန်ထားပါတယ်။
ရက်ဘီကစားသမားဟောင်း ရိုဝင်နဲ့ ကလေးသုံးဦးကို မီးလောင်ခဲ့တဲ့ ကားအတွင်း သေဆုံးလျက်သားတွေ့ရပြီး ဇနီးဖြစ်သူ အသက် ၃၁ နှစ်အရွယ် ဟန်နာဘက်ဇ်တာကတော့ ဆေးရုံရောက်ပြီးနောက် ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပါတယ်။ ကားမီးလောင်မှုဖြစ်ပွားစဥ် ဟန်နာက ကားအပြင်ဘက်ကို ခုန်ထွက်လာခဲ့ပြီး 'သူ ကျွန်မပေါ်ကို ဓာတ်ဆီတွေ လောင်းချတယ်' လို့ အော်ဟစ်ခဲ့တယ်လို့ ဩစတြေးလျသတင်းတွေက ဆိုပါတယ်။
ကားမီးလောင်မှုအတွင်း သေဆုံးခဲ့သူ ကလေးသုံးဦးဟာ အသက် ၁၀ နှစ်အောက် အရွယ်တွေဖြစ်ပါတယ်
(Photo: ABC News)
ဗုဒ္ဓဟူးနေ့ (ဖေဖေါ်ဝါရီ ၁၉ ရက်) မနက်ပိုင်းက ဘရစ္စဘိန်းမြို့အရှေ့ပိုင်း Camp Hill အရပ်ရှိ ဟန်နာရဲ့ မိဘများနေအိမ်အနီးမှာ ကားမီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့နဲ့ အရေးပေါ်ဝန်ထမ်းတွေက အခင်းဖြစ်နေရာကို မနက် ၈ နာရီခွဲဝန်းကျင်မှာ ရောက်ရှိလာခဲ့ကြောင်းနဲ့ ကားမီးလောင်မှုကို ၁၅ မိနစ်ကြာ ငြှိမ်းသတ်ခဲ့ရပါတယ်။ ကားမီးလောင်မှုအတွင်း သေဆုံးခဲ့သူ ကလေးသုံးဦးဟာ အသက် ၆ နှစ်အရွယ် Aaliyah၊ အသက် ၄ နှစ်အရွယ် Laianah နဲ့ အသက် ၃ နှစ်အရွယ် Trey တို့ဖြစ်ကြောင်း သိရပါတယ်။
(Photo: Dan Peled/AAP)
ရိုဝင်နဲ့ ဟန်နာတို့ ဇနီးမောင်နှံဟာ ဆက်ဆံရေး ခပ်တန်းတန်းဖြစ်နေခဲ့ကြတယ်လို့ ဆိုပါတယ်
ဘရစ္စဘိန်းအခြေစိုက် The Courier-Mail သတင်းစာက မျက်မြင်သက်သေတစ်ဦးနဲ့ သီးသန့်တွေ့ဆုံခဲ့ရာမှာ ရိုဝင်က ၎င်းရဲ့ဇနီး ဟန်နာရဲ့ ကားအတွင်း ခုန်ဝင်သွားခဲ့ပြီး ကားကိုမီးရှို့ခဲ့ကြောင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း အဆိုပါ မျက်မြင်သက်သေက ပြောခဲ့တယ်လို့လည်း သိရပါတယ်။ ယခုဖြစ်ရပ်အတွင်း မီးလောင်နေတဲ့ကားထဲကိုဝင်ပြီး ကယ်တင်ရန်ကြိုးပမ်းခဲ့တဲ့ အနီးအနားမှာ ဖြတ်သန်းသွားသူတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
(Photo: Rowan Baxter/Facebook)
ရိုဝင်နဲ့ ဟန်နာတို့ ဇနီးမောင်နှံဟာ အိမ်ထောင်ရေး အဆင်မပြေမှုရှိနေပြီး ဆက်ဆံရေး ခပ်တန်းတန်းဖြစ်နေခဲ့ကြတယ်လို့ ဆိုပါတယ်။ ၎င်းတို့နှစ်ဦးဟာ ယခင်က ဘရစ္စဘိန်းမြို့မှာ Integr8 Fitness အမည်ဖြင့် ကိုယ်ကာယလေ့ကျင့်ရေးခန်းမ ဖွင့်လှစ်ပြီး နည်းပြများအဖြစ် လုပ်ကိုင်ခဲ့ကြပါတယ်။ ရိုဝင်က နယူးဇီလန်နိုင်ငံ အုတ်ကလန်မြို့မှ ရက်ဂ်ဘီဘောလုံးအသင်း New Zealand Warriors ရဲ့ တောင်ပံကစားသမားဟောင်း ဖြစ်ပါတယ်။
Source: news.com.au, ABC News