ဩစတြေးလျမှာ အမျိုးသားနေ့အထိမ်းအမှတ် ကိတ်မုန့်စားပြိုင်ပွဲ ပါဝင်ယှဥ်ပြိုင်သူ အမျိုးသမီးတစ်ဦး ကိတ်မုန့်နင်ပြီး သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာက ဇန်နဝါရီ ၂၇ ရက်မှာ ဖော်ပြပါတယ်။
(ဩစတြေးလျ Lamington ကိတ်မုန့်) (Photo: Getty Images)
တနင်္ဂနွေနေ့ (ဇန်နဝါရီ ၂၆ ရက်) က ကွင်းစ်လန်းပြည်နယ် Herbey Bay မြို့ရှိ Beach House ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အမျိုးသားနေ့အထိမ်းအမှတ် ကိတ်မုန့်အမြန်စားပြိုင်ပွဲအတွင်း အသက် ၆၀ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး ကိတ်မုန့်နင်ခဲ့တာ ဖြစ်ပါတယ်။
ချောကလက်နဲ့ အုန်းသီးမှုန့်အုပ်ထားတဲ့ Lamington ဩစတြေးလျကိတ်မုန့် အစားပြိုင်ရတဲ့ ပြိုင်ပွဲကို ဩစတြေးလျအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်လေ့ရှိပါတယ်။ ကိတ်မုန့်စားပြိုင်ပွဲအတွင်း ကိတ်မုန့်နင်ပြီး အသက်ရှူကျပ်သွားတဲ့ အမျိုးသမီးကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ သေဆုံးသွားခဲ့ကြောင်း ABC သတင်းဌာနက ပြောပါတယ်။
(Beach House ဟိုတယ်) (Photo: Nicole Hegarty/ABC News)
ဩစတြေးလျမှာ အမျိုးသားနေ့အတွင်း အစားပြိုင်ပွဲများဟာ ရေပန်းစားတဲ့ ကစားနည်းတစ်ခုလည်း ဖြစ်ပါတယ်။ ပါဝင်ယှဥ်ပြိုင်သူတွေက ကိတ်မုန့်များ၊ ပိုင်မုန့်များ၊ ဟော့ဒေါ့ သို့မဟုတ် အခြား အစားအစာကို သတ်မှတ်ချိန်အတွင်း စားနိုင်သလောက် အများဆုံး စားကြရပြီး အများဆုံးစားနိုင်သူက ဆုရရှိကြောင်း သိရပါတယ်။
ဩစတြေးလျအပြင် အခြား နိုင်ငံတွေမှာလည်း အစားပြိုင်ပွဲများအတွင်း သေဆုံးမှုတွေဖြစ်ခဲ့ဖူးပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ပိုးကောင်စားပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်စားခဲ့တဲ့ အသက်ရှူကျပ်မှုနဲ့ အစာအိမ်ပြဿနာကြောင့် သေဆုံးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာလည်း ဩစတြေးလျနိုင်ငံ Townsville မြို့မှာ ကျင်းပြုလုပ်တဲ့ ပိုင်မုန့်အစားပြိုင်ပွဲအတွင်း အသက် ၆၄ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး သေဆုံးခဲ့ဖူးကြောင်း သိရပါတယ်။