ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာ လေယာဥ်ငယ်နှစ်စီး ပျံသန်းနေစဥ် တိုက်မိခဲ့ပြီးနောက် လူလေးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
ဩစတြေးလျမှာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် လေယာဥ်နှစ်စီး ပျံသန်းနေစဥ် တိုက်မိခဲ့ခြင်းလို့ ဆိုပါတယ်
(Photo: ABC News)
ဗစ်တိုးရီးယားပြည်နယ်မြို့တော် မဲလ်ဘုန်းမြို့အနီးရှိ Mangalore လေဆိပ်မှ ထွက်ခွာလာတဲ့ အင်ဂျင်နှစ်လုံးတပ် လေယာဥ်ငယ်နှစ်စီး ပျံသန်းနေစဥ် တိုက်မိခဲ့ကြတာ ဖြစ်ပါတယ်။ လေယာဥ်နှစ်စီးလုံးမှာ လူနှစ်ဦးစီ လိုက်ပါလာခဲ့ကြပြီး မတော်တဆမှုအတွင်း အားလုံး သေဆုံးခဲ့ကြပါတယ်။
လေယာဥ်တိုက်မှုဖြစ်ပွားစဥ်က တိမ်ထူထပ်နေတာကြောင့် လေယာဥ်မှူးနှစ်ဦးဟာ တစ်ဦးကိုတစ်ဦး မမြင်ခဲ့ကြဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရအမျိုးသားက ပြောပါတယ်။ ယခုဖြစ်ရပ်ဟာ ဩစတြေးလျမှာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် လေယာဥ်နှစ်စီး ပျံသန်းနေစဥ် တိုက်မိခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
လေယာဥ်နှစ်စီးလုံးက ဘာလို့ ပျံသန်းတဲ့လမ်းကြောင်းတူနေတာလဲဆိုတာ အတိအကျ မသိရသေးပါဘူး
(Photo: EPA)
"လေယာဥ်နှစ်စီးလုံးက ဘာလို့ ပျံသန်းတဲ့လမ်းကြောင်းတူနေတာလဲ ဒါမှမဟုတ် ဘာလို့ အဲဒီနေရာမှာ ရှိနေခဲ့လဲဆိုတာ ကျွန်တော်တို့ အတိအကျ မသိရသေးပါဘူး၊ ဒါပေမဲ့ ကံမကောင်းစွာပဲ သူတို လေထဲမှာတိုက်မိခဲ့ကြပါတယ်" လို့ ဗစ်တိုးရီးယားရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေးမှူး Peter Koger က ABC News ကို ပြောပါတယ်။ တိုက်မိခဲ့တဲ့ လေယာဥ်နှစ်စီးလုံးဟာ မြေပြင်သို့ ပျက်မကျမီ ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။
လေယာဥ်နှစ်စီး တိုက်မိခဲ့ချိန်မှာ အမြင့်ပေ ၄,၀၀၀ ခန့်မှာ ပျံသန်းနေခဲ့ကြပါတယ်
(Photo: ABC News)
လေယာဥ်နှစ်စီး တိုက်မိခဲ့ချိန်မှာ အမြင့်ပေ ၄,၀၀၀ ခန့်မှာ ပျံသန်းနေခဲ့ကြတယ်လို့ Civil Aviation Safety Authority (CASA) ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ ဩစတြေးလျ ရုပ်မြင်သံကြားသတင်းဌာနက Nine News ရဲ့ အဆိုအရ တိုက်မိခဲ့တဲ့ လေယာဥ်နှစ်စီးကို လေယာဥ်အမောင်းသင်ရာမှာ အသုံးပြုနေခဲ့ကြတယ်လို့ သိရပါတယ်။ လေယာဥ်တစ်စီးဟာ Moorabbin Aviation Services လေယာဥ်မောင်းသင်တန်းကျောင်းမှဖြစ်ပြီး အခြားတစ်စီးကတော့ Peninsula Aero Club မှဖြစ်ကြောင်း Nine News က ဆိုပါတယ်။