တောမီးအန္တရာယ်ရှိကြောင်း သတ်မှတ်ဇုန်တွေမှာ နေထိုင်ကြသူတွေကို ရွှေ့ပြောင်းကြရန် အကြုံပြုထားပါတယ်။

ဩစတြေးလျ အရှေ့တောင်ပိုင်းမှာ အပူချိန် ပြန်လည်မြင့်တက်လာမှုနဲ့အတူ ကြီးမားတဲ့ တောမီးလောင်မှုတွေ ပိုမိုအားကောင်းလာပြီး မြို့တွေနဲ့ လူနေဒေသတွေကို ခြိမ်းခြောက်လာတာကြောင့် အာဏာပိုင်တွေက ရွှေ့ပြောင်းကြရန် သတိပေးချက်အသစ်များ ထပ်မံ ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

(Photo: Reuters)

ဗစ်တိုးရီးယားပြည်နယ် နေရာဒေသအများစုမှာ သဘာဝဘေးအန္တရာယ်အဆင့် သတိပေးချက်ကို ယနေ့ (ဇန်နဝါရီ ၉ ရက်) မှာ နောက်ထပ် ၄၈ နာရီ တိုးချဲ့သတ်မှတ်ထားပြီး အန္တရာယ်ရှိကြောင်း သတ်မှတ်ဇုန်တွေမှာ နေထိုင်ကြသူတွေကို ရွှေ့ပြောင်းကြရန် အာဏာပိုင်တွေက အကြုံပြုထားပါတယ်။



ဗစ်တိုးရီးယားပြည်နယ်မှာ အန္တရာယ်ရှိပြီး ကြီးမားတဲ့ တောမီးလောင်မှုတွေ ဖြစ်ပွားလာနိုင်ကြောင်း ခန့်မှန်းထားပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေကို နောက်တစ်ကြိမ် ထုတ်ပြန်ထားကြောင်းလည်း သိရပါတယ်။ ဗစ်တိုးရီးယားပြည်နယ်ရှိ မြေဧက ၂.၉ သန်းမှာ တောမီးလောင်ကျွမ်းခဲ့ပြီး လူသုံးဦး သေဆုံးခဲ့ပါတယ်။

(Photo: Dean Lewins/AAP)

ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက လောင်ကျွမ်းနေခဲ့တဲ့ ဩစတြေးလျတောမီးကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူအရေအတွက် ၂၆ ဦးအထိ ရှိလာခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။ ရာသီဥတုပူပြင်းမှုကြောင့် သောကြာနေ့ (ဇန်နဝါရီ ၁၀ ရက်) မှာ ဩစတြေးတောမီးလောင်မှုအန္တရာယ် အကြီးမားဆုံး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

တောမီးကြောင့် New South Wales (NSW) ပြည်နယ်မှာ နေအိမ် ၁,၉၀၀ အထိနဲ့ အခြား ပြည်နယ်တွေမှာ နေအိမ် ၃၀၀ ကျော် ပျက်စီးခဲ့ပါတယ်။ NSW ပြည်နယ်မှာ တောမီးလောင်မှု အဆိုးရွားဆုံး ကြုံတွေ့နေခဲ့ရတာလည်း ဖြစ်ပါတယ်။ ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က တောမီးကြောင့် ပျက်စီးဆုံးရှုံးမှုကို ပြန်လည်ထူထောင်ရေးအတွက် ဩစတြေးလျဒေါ်လာ ၂ ဘီလီယံ အသုံးပြုသွားမယ်လို့ ယခု သီတင်းပတ်အတွင်း ကတိပြုထားပါတယ်။

(ဩစတြေးလျ သတ္တုတွင်းလုပ်ငန်း ဘီလျံနာ ဂျွန်အန်ဒရူး) (Photo: ABC News)

နိုင်ငံတစ်ဝှမ်း ပျက်စီးဆုံးရှုံးမှု အကြီးအကျယ်ဖြစ်စေတဲ့ တောမီးလောင်မှုတွေဟာ နောက်ထပ် လနဲ့ချီကြာ ဆက်လက် ဖြစ်ပွားနေနိုင်ကြောင်းလည်း ဩစတြေးလျဝန်ကြီးချုပ်က ယခုလအစောပိုင်းမှာ သတိပေးပြောကြားထားပါတယ်။ ထိုအတောအတွင်း WA (Mining in Western Australia) သတ္တုတူးဖော်ရေးကုမ္ပဏီမှ ဩစတြေးလျလုပ်ငန်းရှင် ဘီလျံနာ ဂျွန်အန်ဒရူးဟင်နရီဖောရက်စ် (အမည်ပြောင် တွစ်ဂီ) က တောမီးလောင်ကြုံခဲ့ရတဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၇၀ လှူဒါန်းသွားမယ်လို့ ကြေညာခဲ့ကြောင်း သိရပါတယ်။ ဩစတြေးလျမှာ တောမီးလောင်မှုတွေ နှစ်စဥ် ဖြစ်ပွားလေ့ရှိပြီး ရာသီဥတုပြောင်းလဲမှုကြောင့် မီးလောင်မှုဟာ ပိုမိုပြင်းထန်လာကြောင်း သိပ္ပံပညာရှင်တွေက သုံးသပ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က