ဆစ်ဒနီမြို့ အနောက်တောင်ဘက်မှာ တောမီးလောင်မှုကို ပါဝင်ငြှိမ်းသတ်နေတဲ့ ရေဖြန်းလေယာဥ်ကြီးတစ်စီး ပျက်ကျခဲ့ရာ လေယာဥ်ပေါ်မှာ လိုက်ပါသွားတဲ့ အမေရိကန် မီးသတ်တပ်ဖွဲ့ဝင် သုံးဦးစလုံး သေဆုံးခဲ့ကြောင်း ဩစတြေးလျတာဝန်ရှိသူတွေက ပြောပါတယ်။
(Photo: HOGP/AP)
C-130 Hercules အမျိုးအစား ရေဖြန်းလေယာဥ်ဟာ ယနေ့ (ဇန်နဝါရီ ၂၃ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မတိုင်မီ Snowy Monaro ဒေသမှာ မီးငြှိမ်းသတ်ရေးဆောင်ရွက်နေစဥ် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း New South Wales ပြည်နယ် ကျေးလက်မီးသတ်ဌာန အကြီးအကဲ ရှိန်းဖစ်ဇ်ဆမ်မွန်စ်က ပြောပါတယ်။
လေယာဥ်ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ၎င်းကဆိုပါတယ်။ သို့သော် လေပြင်းတိုက်နေမှုက ကြီးမားတဲ့ ရေဖြန်းလေယာဥ်များ ပျံသန်းရာမှာ အခက်အခဲဖြစ်နေစေခဲ့ကြောင်း မီးသတ်ဌာနအကြီးအကဲက ယနေ့အစောပိုင်းမှာ ပြောထားခဲ့ပါတယ်။ NSW ပြည်နယ်တစ်ဝှမ်းမှာ အပူချိန်မြင့်တက်ပြီး လေပြင်းတိုက်မှုတွေ ပြန်ဖြစ်လာပြီးနောက် တောမီးလောင်မှု ၈၀ ကျော် ဖြစ်ပွားနေပါတယ်။
(Photo: Noah Berger/AP)
ယနေ့ လေယာဥ်ပျက်ကျမှုကြောင့် သေဆုံးသူသုံးဦး အပါအဝင် ယမန်နှစ် စက်တင်ဘာလကတည်းက စတင်ဖြစ်ပွားနေခဲ့တဲ့ ဩစတြေးလျတောမီးလောင်မှုအတွင်း သေဆုံးသူအရေအတွက် ၃၂ ဦးထက်မနည်း ရှိလာခဲ့ကြောင်း သိရပါတယ်။
ယခု လေယာဥ်ပျက်ကျမှုဖြစ်ပြီးနောက် လေယာဥ်ကိုပိုင်ဆိုင်တဲ့ ကနေဒါကုမ္ပဏီ Coulson Aviation က NSW နဲ့ ဗစ်တိုးရီးယားပြည်နယ်တို့မှာ တောမီးငြှိမ်းသတ်နေတဲ့ ၎င်းရဲ့ ကြီးမားတဲ့ ရေဖြန်းလေယာဥ်အားလုံးကို ပျံသန်းမှုရပ်ဆိုင်းထားလိုက်ပြီး ပြန်လည်ဆန်းစစ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
(Photo: Bidgee)
ဩစတြေးလျမှာ တောမီးလောင်မှုတွေကြောင့် ကိုအာလာဝက်ဝံ ၈,၀၀၀ အပါအဝင် ခန့်မှန်းခြေအားဖြင့် တိရိစ္ဆာန် သန်း ၄၈၀ ခန့် သေဆုံးခဲ့ကြကြောင်း ဆစ်ဒနီတက္ကသိုလ်မှ ဂေဟဗေဒပညာရှင်တွေက ပြောပါတယ်။ တောမီးလောင်မှုအတွင်း မြေဧက သန်းနဲ့ချီ လောင်ကျွမ်းခဲ့ပြီး နေအိမ် ၂,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်းလည်း သိရပါတယ်။
ဩစတြေးလျမှာ တောမီးလောင်မှုတွေ နှစ်စဥ် ဖြစ်ပွားလေ့ရှိပြီး ရာသီဥတုပြောင်းလဲမှုကြောင့် မီးလောင်မှုဟာ ပိုမိုပြင်းထန်လာကြောင်း သိပ္ပံပညာရှင်တွေက သုံးသပ်ထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ဩစတြေးလျမှာ မိုးသည်းထန် ရေကြီးမှု၊ သဲမုန်တိုင်းကြီးတိုက်မှုနဲ့ ကြီးမားတဲ့ မိုးသီးကြွေကျမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဆိုးရွားပြင်းထန်တဲ့ မိုးလေဝသအခြေအနေကြုံခဲ့ရပါတယ်။
Source: AFP, Reuters