လုပ်သက် နှစ် ၂၀ အတွေ့အကြုံရှိတဲ့ ယာဉ်မောင်းတစ်ဦးလို ကျွမ်းကျင်မှုရှိတဲ့ မောင်းသူမဲ့တက္ကစီသစ်တစ်မျိုးကို Baidu က မိတ်ဆက်ပြသလိုက်ပါတယ်။
တရုတ်နည်းပညာလုပ်ငန်းစု Baidu ဟာ Apollo Go မောင်းသူမဲ့တက္ကစီဝန်ဆောင်မှုအတွက် လိုသလို ဖြုတ်/တပ်နိုင် စတီယာရင်ပါ ယာဉ်သစ်တစ်မျိုးကို ထုတ်ဖော်မိတ်ဆက်လိုက်တာပါ။ Baidu ရဲ့ မောင်းသူမဲ့လျှပ်စစ်ကားသစ်နာမည်ကို Apollo RT6 လို့ နာမည်ပေးထားပြီး တန်ဖိုး ယွမ် ၂ သိန်းခွဲ (မြန်မာငွေ သိန်း ၇၀၀ ခန့်) ကျသင့်တယ်လို့ ဆိုပါတယ်။ ဒါကလည်း ပြင်ပထုတ်လုပ်သူကို မမှီခိုဘဲ ကိုယ်တိုင်ထုတ်လုပ်တာလို့ ဆိုပါတယ်။
Apollo RT6 မော်ဒယ်အရင် ထုတ်ထားတဲ့ Apollo Moon အတွက် ကုန်ကျစရိတ်ဟာ ယွမ် ၄၈၀၀၀၀ ရှိတာ ဖြစ်လို့ ၄၈% ကျော် ပိုပြီး ဈေးသက်သာလာတာ ဖြစ်ပါတယ်။ Apollo Moon အတွက် Baidu ဟာ နိုင်ငံပိုင် BAIC Group ရဲ့ Arcfox လျှပ်စစ်ကားအမှတ်တံဆိပ်နဲ့ ပူးပေါင်း ထုတ်လုပ်ခဲ့တာပါ။ Apollo RT6 ကို လာမယ့်နှစ် နှစ်လယ်ပိုင်းကစပြီး တရုတ်လမ်းတွေပေါ်မှာ Baidu ရဲ့ အလိုအလျောက်မောင်း Robotaxi ဝန်ဆောင်မှုအနေနဲ့ ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။
"စရိတ်စက အများကြီး လျှော့ချနိုင်တာကြောင့် တရုတ်နိုင်ငံတလွှား မောင်းသူမဲ့ကား ထောင်သောင်းချီ သုံးလို့ ရနိုင်တော့မှာပါ။ ရှေ့လျှောက် Robotaxi ဈေးကိုလည်း အခုထက် ထက်ဝက်သက်သာအောင် လုပ်ဆောင်နေပါတယ်" လို့ Baidu တည်ထောင်သူတစ်ဦးဖြစ်သလို ကုမ္ပဏီရဲ့ CEO လည်း ဖြစ်တဲ့ ရော်ဘင် လီက ဘေဂျင်းမှာ ကျင်းပခဲ့တဲ့ Baidu World 2022 မှာ ပြောကြားခဲ့ပါတယ်။
Baidu ရဲ့ ဆဌမမျိုးဆက် မောင်းသူမဲ့ကားသစ် Apollo RT6 ဟာ Level 4 အဆင့် အလိုအလျောက်မောင်းစနစ်နဲ့ တစ်စက္ကန့် 1200 TOPS (tera operation တွက်ချက်မှု) တွက်ချက်မှုပါတဲ့ Automotive-Grade နှစ်စုံတွဲ တွက်ချက်မှုစနစ် ပါရှိပါတယ်။ Level 4 အဆင့် အလိုအလျောက်မောင်းနှင်မှုစနစ်မှာ လူမလိုသလောက် နီးနီး ယာဉ်က သူ့အလိုလို မောင်းနှင်မှု ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ယာဉ်ထဲမှာ လူဝန်ထမ်းမလိုဘဲ မောင်းနှင်နိုင်ပေမယ့် တရုတ်အစိုးရဘက်က လူလုံးဝမလိုက်ပါတဲ့ မောင်းသူမဲ့ Robotaxi ဝန်ဆောင်မှုမျိုးကို ဘယ်အချိန်မှ ခွင့်ပြုမလဲ မသိရသေးပါဘူး။
Level 4 အဆင့် မောင်းသူမဲ့ကားစနစ် သုံးထားတာကြောင့် Apollo RT6 မှာ စတီယာရင်ပျောက်ဒီဇိုင်း ထုတ်ထားပါတယ်။ ကားအတွင်းမှာ စတီယာရင်နေရာကို ဖျောက်ထားတာ ဖြစ်လို့ ကားအတွင်းခန်း ထိုင်ခုံနေရာနဲ့ Gaming စက်တွေလိုမျိုး ဖျော်ဖြေရေးသုံး ပစ္စည်းတွေ ဆင်နိုင်အောင် နေရာထွက်လာမှာပါ။ Apollo RT6 ယာဉ်မှာ အာရုံခံ Sensor ၃၈ ခု ပါရှိပြီး ဒီထဲမှာ အလင်းထောက်လှမ်းတွက်ချက်မှု လုပ်နိုင်တဲ့ Lidar Sensor ၈ ခု ၊ ၆ မီလီမီတာ ရှိတဲ့ wave Radar လှိုင်းတစ်ခု ၊ အသံအောက် Ultrasonic Sensor ၁၂ ခုနဲ့ ကင်မရာ ၁၂ လုံး တပ်ဆင်ထားပါတယ်။
Baidu ရဲ့ Rotaxi စီးပွားရေးလုပ်ငန်း Apollo Go ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကတည်းက မြို့စွန်တွေမှာ အခကြေးငွေနဲ့ တက္ကစီဝန်ဆောင်မှုပြေးဆွဲဖို့ ဘေဂျင်းရဲ့ ခွင့်ပြုချက် ရရှိထားတာ ဖြစ်ပါတယ်။ မောင်းသူမဲ့ကားဖြစ်ပေမယ့် လုံခြုံရေးအတွက် ယာဉ်မောင်းဝန်ထမ်းတစ်ဦးကို ကားထဲမှာ လိုက်ပါစေမှာပါ။ Apollo Go ဝန်ဆောင်မှုကို ဘေဂျင်း ၊ ရှန်ဟိုင်း ၊ ကွမ်ကျိုး နဲ့ ရှန်းကျန့်အပါအဝင် တရုတ်နိုင်ငံအတွင်းက မြို့ကြီး ၁၀ မြို့မှာ ဖြန့်ကြက်ထားပြီး အော်ဒါပေါင်း ၁ သန်းကျော် ရထားတယ်လို့ ဆိုပါတယ်။
လက်ရှိ မောင်းသူမဲ့တက္ကစီဝန်ဆောင်မှုလုပ်ငန်းတွေထဲမှာ Baidu ဟာ ကမ္ဘာ့အကြီးဆုံး မောင်းသူမဲ့တက္ကစီဝန်ဆောင်ရေးလုပ်ငန်းအဖြစ် ရပ်တည်နေပါတယ်။