ကျန်စစ်မင်းရုပ်ရှင်ရိုက်ကူးခဲ့တဲ့ စရိတ်ကိုတော့ မမီသေးဘူး။

လူမင်းကတော့ ‘’ညစ်တွန်း’’ရုပ်ရှင်ဇာတ်ကားကြီးကို ငွေကြေးအကုန်အကျ များများနဲ့ရိုက်ကူးခဲ့တယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားဟာ အိန္ဒိယနိုင်ငံကနေ မူရင်းဇာတ်ညွှန်းကို ဝယ်ပြီး ရုပ်ရှင်အဖြစ်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။

Photo: Amazing Grace



သရုပ်ဆောင်လူမင်းကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ‘’ညစ်တွန်း’’ရုပ်ရှင်ကားကြီးကိုတော့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာပါ။ ဒီဇာတ်ကားကို ရိုက်ကူးခဲ့ချိန်မှာတော့ သိန်း ၂၀၀၀ အကုန်ကျခံခဲ့ရတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အခုဆိုရင် ထုတ်လုပ်သူတွေကအစ၊ သရုပ်ဆောင်တွေရော၊ ဒါရိုက်တာတွေရော၊ ရိုက်ကြမယ်ဆိုတာနဲ့ ပေါပေါတန်တန် မရိုက်ရဲကြတော့ဘူး။ ပရိသတ်ကြိုက်တာ မကြိုက်တာက နောက်ထား အရည်အသွေးကောင်းကောင်းရိုက်မှ ရုံရှင်ကလည်း ရွေးမယ်။ ပရိသတ်တွေကလည်း အရမ်းဝေဖန်ထောက်ပြလာကြပြီဆိုတော့လေ။ ဒီဇာတ်ကားရိုက်တာ သိန်း ၂၀၀၀ ကျော်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ရိုက်တဲ့ ကျန်စစ်မင်း ဇာတ်ကားကို မမီသေးဘူး။ အဲဒီတုန်းက ရုပ်ရှင်ကားတစ်ကား သိန်း ၅၀၀ ကုန်တဲ့အချိန်မှာ အစ်ကိုက သိန်း ၂၅၀၀ သုံးပြီးရိုက်ခဲ့တာပါ’’ လို့ သူကဆိုပါတယ်။

Photo: ညစ်တွန်း

‘’ညစ်တွန်း’’ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ညွှန်းကိုတော့ အိန္ဒိယနိုင်ငံက ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာဆီက တိုက်ရိုက်ဝယ်ယူခဲ့တာလို့ သိရပါတယ်။ အိန္ဒိယ ဇာတ်ညွှန်းကို ရုပ်ရှင်ရိုက်ကူးရတဲ့အချိန်က ခံစားချက်ကိုလည်း လူမင်းကပြောပြလာပါတယ်။

 ‘’ဒီဇာတ်ကားဆိုရင်လည်း ဇာတ်လမ်းအမျိုးအစားက ဘာပြောရမှန်း မသိဘူးပေါ့နော်။ အက်ရှင်လား၊ ဒရာမာလား၊ ဖန်စီလားပေါ့။ အဓိက ကတော့ အိန္ဒိယ ဇာတ်ညွှန်းကို ဝယ်ရိုက်တယ်ဆိုတာ သူတို့ ဇာတ်ညွှန်းကို လေ့လာချင်လို့၊ အစ်ကို ဒါရိုက်တာအနေနဲ့ရိုက်ကြည့်ရင် ဘယ်လောက်ခက်မလဲပေါ့နော်။ ဘယ်လောက်ပညာရမလဲ၊ ပြီးတော့ အစ်ကိုရိုက်နေကြ ပုံစံလေးမဟုတ်တော့ ပရိသတ်အတွက် အမြင်ဆန်းမယ့် ရသလေး ရစေချင်တဲ့ စိတ်ကူးနဲ့ ဒီဇာတ်ညွှန်းလေးကို ဝယ်ရိုက်လိုက်တာပါ’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၃ ရက်နေ့က ‘’ညစ်တွန်း’’ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: ညစ်တွန်း

အဲဒီနောက် ‘’ညစ်တွန်း’’ရုပ်ရှင်ဇာတ်ကားထဲကနေ ပရိသတ်ကို ပေးချင်တဲ့ မက်ဆေ့ချ်တွေကိုလည်း လူမင်းက ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

‘’ ဇာတ်ကားပုံစံကတော့ သဘာဝဇာတ်ကားလို့ပဲပြောရမှာပေါ့နော်။ ဘယ်လောက်ပဲ ချမ်းသာ၊ ချမ်းသာ၊ ဘယ်လောက်ပဲ ဆင်းရဲ ဆင်းရဲ၊ မပြေလည်မှု စိတ်ညစ်စရာဆိုတာ လူတိုင်းမှာရှိတယ်။ စိတ်ညစ်တဲ့သူတွေကို တွေ့တဲ့အခါလည်း ပိုပြီးတော့ စိတ်ညစ်စရာတွေ တွေ့လာတတ်တယ်ပေ့ါနော်။ အဲဒီတော့ ကိုယ်ပေးချင်တဲ့ မက်ဆေ့ချ်က လူတိုင်းမှာ ညစ်စရာတွေရှိတယ်၊ ကိုယ်ညစ်တာတွေကို တတ်နိုင်သလောက် သည်းခံရမယ်၊ ဇွတ်တွန်းထုတ်မယ်ဆိုရင်တော့ ပိုဆိုးတဲ့ အရာတွေ ဖြစ်လာနိုင်တယ်’’ လို့ ဆိုပါတယ်။

Photo: ညစ်တွန်း

လူမင်းဟာ ကျန်စစ်မင်းရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး Anubis ရုပ်ရှင်ဇာတ်ကား၊ ကြတ်ဂူ ရုပ်ရှင်ဇာတ်ကား နဲ့ ညစ်တွန်း ရုပ်ရှင်ဇာတ်ကားတို့ကို ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့သူပါ။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုပေးပွဲမှာတော့ Actor In A Supporting Role Awardဆုကို ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က