ဗီဒီယိုဂိမ်း Streaming လုပ်ငန်းရဲ့ အရှိန်ဟာ တိုးတက်လာပြီး Streamer တွေ လက်ညှိုးထိုးမလွဲရှိလာတဲ့အချိန်မှာ သူတို့ရဲ့ ဝင်ငွေက အမြင့်ဆုံး ဘယ်လောက်ထိ ရနိုင်မလဲဆိုတာ ကြည့်ရအောင်

ဂိမ်းကစားရင်း အသက်မွေးဝမ်းကြောင်းပြုသူတွေထဲမှာ ပရော်ဖက်ရှင်နယ် Esports ကစားသမားတွေအပြင် Streamer တွေလည်းအပါအဝင်ပဲဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်ဖို့အတွက် သက်ဆိုင်ရာဂိမ်းမှာ တစ်ဖက်ကမ်းခက်ကျွမ်းကျင်ရမှာ ဖြစ်ပေမယ့် Streamer ဖြစ်ဖို့အတွက်တော့ ပရိုကစားသမားတွေလောက် ကျွမ်းကျင်စရာမလိုပါဘူး။ ဂိမ်းကစားခြင်းကို Streaming ပြုလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကြည့်ရှုသူတွေကို ဖျော်ဖြေမှုပေးနိုင်ဖို့ပါပဲ။ ဒါကြောင့် ပရော်ဖက်ရှင်နယ်ကစားသမားတွေကို Athlete လို့သတ်မှတ်နိုင်မှာဖြစ်ပြီး Streamer တွေကိုတော့ Entertainer တွေအဖြစ် သတ်မှတ်ရမှာပဲဖြစ်ပါတယ်။



         Streamer လို့ဆိုလိုက်တာနဲ့ အားလုံးနီးပါးပြေးမြင်မှာကတော့ Twitch ပါ။ Twitch ဟာ ကမ္ဘာ့အကြီးဆုံး Streaming ပလက်ဖောင်းဖြစ်ပြီး နေ့စဉ် Active User ဟာ ၁၅ သန်းခန့်အထိရှိပါတယ်။ အဲဒီမှာ Streaming ပြုလုပ်နေတဲ့ Channel တွေအမျိုးအစားစုံလင်စွာ ရှိသလို နေ့စဉ်ကြည့်သူဟာလည်း သန်းဂဏန်းအထိရှိပါတယ်။

Streamer တွေအကြောင်းကို သိပြီဆိုတာနဲ့ နောက်ဆက်တွဲလာမယ့်မေးခွန်းကတော့ Streamer တွေအနေနဲ့ ဝင်ငွေကို ဘယ်ကရလဲ၊ လစဉ်ဝင်ငွေကရော ဘယ်လောက်ရှိလဲ ဆိုတာပါပဲ။ အောက်မှာ အားလုံးကိုရှင်းပြပေးသွားပါမယ်။

STREAMER တွေ ဘယ်ကနေဝင်ငွေရလဲ ?

1. PAID SUBSCRIPTION

         Twitch က Streamer တွေရတဲ့ အသေချာဆုံး ဝင်ငွေပါ။ Twitch မှာ ကိုယ်ကြိုက်တဲ့ Streamer ကို Subscribe လုပ်ပြီး Support ပေးလို့ရပါတယ်။

Subscribe လုပ်တဲ့နေရာမှာလည်း Tier1 4.99$, Tier2 9.99$ နဲ့ Tier3 24.99$ ဆိုပြီးရှိပါတယ်။ Subscription သက်တမ်းကတော့ တစ်လပဲဖြစ်ပါတယ်။ Channel တစ်ခုခုကို Subscribe လုပ်ထားတဲ့သူအနေနဲ့ အဲဒီတစ်လအတွင်းမှာ ကိုယ် Subscribe လုပ်ထားတဲ့ Channel ကပေးတဲ့ Exclusive Emote တွေကို ရရှိမယ့်အပြင် Subscriber Only Chat Room တွေကိုဝင်ရောက်နိုင်မှာပဲဖြစ်ပါတယ်။

Subscription ကြေးကိုတော့ Streamer နဲ့ Twitch က 50/50 ခွဲဝေယူပြီး အချို့သောနာမည်ကြီး Streamer တွေကိုတော့ 60/40 တခါတရံ 70/30 လောက်အထိ ပေးတယ်လို့သိရပါတယ်။ ကြည့်ရှုသူကိုယ်တိုင်ရဲ့ အိတ်ထဲကစိုက်ထုတ်စရာမလိုဘဲ ကိုယ်ကြိုက်တဲ့ Streamer ကို Subscribe လုပ်နိုင်မယ့် အခြားနည်းလမ်းလည်းရှိပါသေးတယ်။

အဲဒါကတော့ Amazon Prime Sub ပါ။ Twitch ကို Amazon ကပိုင်တာကြောင့် ကိုယ့်မှာ Amazon Prime အကောင့်ရှိတာနဲ့ ကိုယ်ကြိုက်တဲ့ Streamer ကို တစ်လတိတိ အခမဲ့ Subscribe ပြုလုပ်ခွင့်ပေးမှာပါ။ Amazon Prime Sub ကတော့ Tier1 Sub 4.99$ နဲ့အတူတူပဲဖြစ်ပြီး မတူတာကတော့ Twitch အနေနဲ့ပိုက်ဆံမရဘဲ Streamer ကသာ ပိုက်ဆံရခြင်းပဲဖြစ်ပါတယ်။

2. DONATION

         မြန်မာနိုင်ငံမှာလည်း Streaming Culture ထွန်းကားလာတာကြောင့် ဒီ Donation ဆိုတာကို တော်တော်များများသိကြလိမ့်မယ်လို့ ထင်ပါတယ်။ ကြည့်ရှုသူအနေနဲ့ ကိုယ်ကြိုက်တဲ့ Streamer ကို ငွေပမာဏကြိုက်သလောက် ပေးကမ်းစွန့်ကြဲခြင်းပါပဲ။ ဒါကတော့ ကြည့်ရှုသူတွေရဲ့ စေတနာအပေါ် မူတည်တာကြောင့် ဘယ်လောက်ရမယ်ဆိုတာကိုတော့ အတိအကျတွက်လို့မရပါဘူး။

3. ကြော်ငြာ

         ဒါကတော့ TV Channel တွေမှာ TV Program တစ်ခုမစခင် ဒါမှမဟုတ် စပြီးခဏနားတဲ့အခါ ထည့်တတ်တဲ့ ကြော်ငြာတွေနဲ့ သဘောတရားခြင်းတူညီပါတယ်။ ပျမ်းမျှကြည့်ရှုသူနှုန်း ၁၀၀၀၀ ခန့်ရှိတဲ့ Channel တစ်ခုမှာ Stream မစခင် ၃၀ စက္ကန့်စာကြော်ငြာတစ်ခု ထည့်မယ်ဆိုရင် ဒေါ်လာ ၅၀၀၀ ဝန်းကျင်အခန့်ထိ ကုန်ကျနိုင်တယ်လို့ နာမည်ကျော် Streamer တစ်ဦးဖြစ်တဲ့ "DisguisedToast" ကဆိုဖူးပါတယ်။ ဒါဆိုရင်တော့ အကြမ်းဖျင်းခန့်မှန်းလို့ရပါပြီ။

သို့ပေမယ့် အဲဒီလောက်ကြာတဲ့ ကြော်ငြာတွေကို ကြည့်ရှုသူတော်တော်များများက မကြည့်ချင်တဲ့အတွက် ထည့်တာရှားပါတယ်။ ထည့်တဲ့ကြော်ငြာများဟာလည်း များသောအားဖြင့် ၁၀ စက္ကန့်ကနေ ၂၀ စက္ကန့်ဝန်းကျင်အထိသာရှိပါတယ်။

         ကြော်ငြာခေါင်းစဉ်အောက်မှာရှိတဲ့ နောက်တစ်ခုကတော့ Banner ပါ။ Banner ကတော့ ကြော်ငြာဆိုင်းဘုတ်တွေနဲ့ အလားသဏ္ဍာန်တူပါတယ်။ ပျမ်းမျှကြည့်ရှုသူနှုန်း ၁၀၀၀၀ ခန့်ရှိတဲ့ Streamer တစ်ဦးဟာ သူ့ Live Stream မှာ ကြော်ငြာအပ်ထားတဲ့ Banner ကိုထည့်ပေးတာနဲ့ လစဉ် ဒေါ်လာ ၁၀၀၀၀ ဝန်းကျင်ခန့် ရနိုင်တယ်လို့ဆိုပါတယ်။


4. SPONSORSHIP

    ဒီတစ်ခုကတော့ Twitch ကိုယ်တိုင်ကပေးတဲ့ငွေဖြစ်ပါတယ်။ Streamer တွေအနေနဲ့ Twitch ကနေ Stream ခိုင်းတဲ့ဂိမ်းကို Stream လိုက်တာနဲ့ ကြည့်ရှုသူ ၁ ယောက်ကို တစ်နာရီနှုန်းနဲ့ 0.01$ ကနေ 1$ အထိရနိုင်ပါတယ်။ တကယ်လို့ သင့်ရဲ့ Live Stream က ကြည့်ရှုသူ ၁ သောင်းရှိမယ်ဆိုရင် Twitch ကပေးတဲ့နှုန်းအပေါ်မူတည်ပြီး တစ်နာရီကို ဒေါ်လာ ၁၀၀၀ ကနေ ဒေါ်လာ ၁၀၀၀၀ အထိရရှိမှာပဲဖြစ်ပါတယ်။

5. အခြားနည်းလမ်းများ

Twitch ကနေ Stream ရင်း ငွေရနိုင်မယ့် နည်းလမ်းကတော့ ကုန်သွားပါပြီ။ ဒါပေမယ့် အပိုဝင်ငွေထပ်ရှာနိုင်မယ် နောက်ထပ်နည်း ၂ နည်းရှိပါသေးတယ်။ အဲဒါနည်း ၂ နည်းကတော့ Youtube Channel ကနေ ကိုယ်ကစားထားတဲ့ Video Clip တွေတင်တာနဲ့ ကိုယ်ပိုင်တံဆိပ်နဲ့ အဝတ်အထည်နဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေရောင်းစားတဲ့နည်းပါပဲ။ ဒီနည်းလမ်းတွေကို နာမည်ကျော် Streamer တွေဖြစ်တဲ့ Ninja, Shroud, Dr.Disrespect တို့အပါအဝင် အခြားသော Streamer များစွာလည်း အသုံးပြုကြပါတယ်။

တစ်လကို ငွေဘယ်လောက်ဝင်လဲ ?

         ဒီမေးခွန်းကိုဖြေရှင်းရာမှာ Streamer တစ်ဦးချင်းစီကိုလိုက်ပြီး တွက်ချက်ပြဖို့မလွယ်တဲ့အတွက် လက်ရှိ Twitch မှာ Subscriber အများဆုံးရရှိထားတဲ့ Shroud ကိုပဲဥပမာပေးပြီး တွက်ချက်ပြပါမယ်။

         twitchtracker.com အရ Shroud ကို သြဂုတ်လအတွင်း Subscribe ပြုလုပ်သူပေါင်းဟာ ၃၃၁၃၈ ရှိတယ်လို့ဆိုပါတယ်။ Shroud ဟာ နာမည်ကြီး Streamer တစ်ယောက်ဖြစ်တဲ့အတွက် Twitch ဘက်ကနေ Subscription ခွဲတမ်းကို အနည်းဆုံး 60/40 တော့ပေးပါလိမ့်မယ်။ ဒီ Subscription တွေထဲမှာ Tier 2 တွေရော Tier 3 တွေရောပါပေမယ့် Tier1 Subscription ကြေးဖြစ်တဲ့ 4.99$ ကိုအခြေခံပြီးတွက်မယ်ဆိုရင် Subscription တစ်ခုကို 3$ နှုန်းနဲ့ Subscription ပေါင်း ၃၃၁၃၈ အတွက် ၉၉၄၁၄ ဒေါ်လာရရှိမှာဖြစ်ပါတယ်။ Subscriber တွေဆီကရတဲ့ဝင်ငွေနဲ့တင် ဒေါ်လာတစ်သိန်းနားကိုရောက်နေပါပြီ။

         ဒါ့အပြင် စစ်တမ်းတွေအရ နာမည်ကြီး Streamer တွေအနေနဲ့ တစ်နေ့ကို $1000 ကနေ $5000 ဝန်းကျင်အထိ Donation ရတယ်လို့ဆိုပါတယ်။ အနိမ်ဆုံး တစ်ရက် $1000 ရတယ်ဆိုပါစို့ ၁ လစာအတွက်ဆိုရင် ဒေါ်လာ ၃၀၀၀၀ အထိရမှာပါ။ Shroud ရဲ့သြဂုတ်လအတွက် ဝင်ငွေဟာ Subscription ကြေးနဲ့ Donation ကနေတစ်ဆင့်ရတဲ့ငွေကြေး နဲ့တင်ကို ဒေါ်လာ ၁၃၀၀၀၀ ခန့်ရှိနေပါပြီ။

အခြားကြော်ငြာကြေး၊ Youtube Channel ကရတဲ့ဝင်ငွေ၊ နောက်ပြီး Merchandise တွေကရတဲ့ဝင်ငွေတွေ အားလုံးပေါင်းလိုက်ရင် ဒေါ်လာ ၁၅၀၀၀၀ ခန့်ရှိနေပါပြီ။ မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုရင် ကျပ်သိန်းပေါင်း ၂၂၅၀ ခန့်ရှိပါတယ်။ ဒါဟာသူ့ရဲ့တစ်လစာ ဝင်ငွေပဲဖြစ်ပါတယ်။

         Twitch မှာ စံချိန်တင် Subscriber အရေအတွက်ကို ပိုင်ဆိုင်ထားတဲ့ အခြား Streamer လည်း ရှိပါသေးတယ်။ သူကတော့ Ninja ဖြစ်ပြီး သူ့ရဲ့စံချိန်တင် Subscriber အရေအတွက်ကတော့ ၂၆၉၀၀၀ ပါတဲ့။ သူ့ဝင်ငွေဟာ အဲဒီတစ်လတည်းနဲ့တည် အမေရိကန်ဒေါ်လာ ၁ သန်းခန့်ရရှိခဲ့ပါတယ်။

လက်ရှိ Twitch မှာ Streaming ပြုလုပ်နေတဲ့ Channel ပေါင်း သန်းဂဏန်းခန့်အထိရှိပေမယ့် ထိပ်တန်း Streamer အချို့ပဲ ဒီလောက်ဝင်ငွေကိုရရှိကြတာပါ။ ဒီလိုထိပ်တန်း Streamer တစ်ယောက်ဖြစ်ဖို့ဆိုတာ ခက်ခဲပေမယ်လို့ ကိုယ့်ရဲ့ Streaming Career ကို အချိန်ယူပြီးတည်ဆောက်မယ်ဆိုရင် ပုံမှန်ဝင်ငွေရရှိနိုင်တဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း အနောက်တိုင်းနိုင်ငံတွေက ဂိမ်းကစားရင်း အသက်မွေးချင်တဲ့သူတွေဟာ Streamer လိုင်းကို များသောအားဖြင့် ရွေးချယ်ကြတာပဲဖြစ်ပါတယ်။

-Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က