ဖျော်ဖြေရေးကုမ္ပဏီတွေ အပြိုင်အဆိုင် တိုးနေကြတဲ့ Streaming Service လောကထဲ ဝင်ရောက်ခဲ့တဲ့ CNN+ ဟာ ဖြန့်ချိပြီး တစ်လခန့်အကြာမှာ ဖျက်သိမ်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။
လစဉ်ကြေး တစ်လ ၅.၉၉ ဒေါ်လာပေးပြီး Documentary နဲ့ Live အစီအစဉ်တွေ ကြည့်ရှုနိုင်မယ့် CNN+ ကို လွှင့်တင်ပြီး ၃ ပတ်အကြာမှာ ဒီဝန်ဆောင်မှုကို ဧပြီ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်သိမ်းမယ့်အကြောင်း ကြေညာခဲ့တာပါ။ CNN+ မှာ တစ်လ ၆ ဒေါ်လာပေးပြီး သီးသန့် Live အစီအစဉ် နဲ့ သတင်းတင်ဆက်မှုတွေကို ကြည့်ရှုသူဦးရေ နေ့စဉ် လူ ၁ သောင်းခန့် ရှိခဲ့တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
CNN ရဲ့ ပိုင်ရှင် WarnerMedia နဲ့ Discovery တို့ဟာ ဒီလအစောပိုင်းက လုပ်ငန်းပူးပေါင်းမှုလုပ်ပြီးနောက် အသစ်ခန့်အပ်လိုက်တဲ့ ဥက္ကဌ ခရစ္စ လင့်ချ်က CNN+ ကို ဖျက်သိမ်းဖို့ ထောက်ခံခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။ အစီအစဉ်သစ်အတွက် ဒေါ်လာသန်းရာပေါင်းများစွာ မြှပ်နှံခဲ့တဲ့ CNN+ ဟာ နာမည်ကျော် သတင်းတင်ဆက်သူတွေ ဖြစ်တဲ့NBC က ကေစီ ဟန့် ၊ Fox News က ခရစ္စဝေါလေ့စ် ၊ NPR မှ အော်ဒီး ကော်နစ်ချ် နဲ့ Buzzfeed Food မှ အယ်လီဆင် ရိုမန်တို့ကိုပါ ငှားခဲ့တာပါ။
ကော်ပိုရိတ်ပိုင်ရှင် အပြောင်းအလဲမှာ ဖျက်သိမ်းလိုက်ရပြီးတဲ့နောက် လစဉ်ကြေးသွင်းထားသူတွေကိုလည်း ငွေပြန်အမ်းသွားမယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။ CNN+ ဖျက်သိမ်းလိုက်တာကြောင့် ဝန်ထမ်းရာနဲ့ချီ အလုပ်အကိုင် ဆုံးရှုံးရဖို့ ရှိပါတယ်။ CNN ဥက္ကဌသစ် လင့်ချ်ကတော့ CNN+ ဝန်ထမ်းအားလုံးကို နောက်ထပ် ရက် ၉၀ အထိ လစာနဲ့ ခံစားခွင့်တွေ ပေးသွားမှာ ဖြစ်ပြီး CNN ၊ CNN Digital နဲ့ Warner Bros.Discovery လုပ်ငန်းတွေမှာ အလုပ်အကိုင်သစ် ရှာဖွေခွင့်ပေးမယ်လို့ ပြောထားပါတယ်။