နာပိုလီကလည်း နိုင်ပွဲရရှိခဲ့ပါတယ်။

နာပိုလီတိုက်စစ်မှူး အိုဆင်မ်ဟန်ဟာ မနေ့ညက ကယ်ဂလီယာရီကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းရဲ့ အနိုင်ဂိုးအတွက် လှလှပပ ဖန်တီးပေးသွားခဲ့ပါတယ်။ တစ်ဖက်တစ်ဂိုးစီ သရေကျနေချိန် ပွဲကစားချိန် (၇၅) မိနစ်မှာ နာပိုလီတို့ အနိုင်ဂိုးရရှိခဲ့တာပါ။



ရက်စ်ပါဒိုရီ ပေးပို့လိုက်တဲ့ ဘောလုံးကို အိုဆင်မ်ဟန်က ခေါင်းနဲ့တစ်ဖုံ၊ ဒူးခေါင်း၊ ရင်ဘတ်တို့နဲ့တစ်ဖုံ အဆင့်ဆင့် ‘တော့’ ယူသွားရင်း ပြိုင်ဘက်နောက်ခံလူ သုံးယောက်ကြားထဲ တိုးဝင်သွားခဲ့ပါတယ်။ အိုဆင်မ်ဟန်ရဲ့ ကျွမ်းကျင်မှု၊ ကြံ့ခိုင်မှုတို့ကို ပြိုင်ဘက်နောက်ခံလူတွေလည်း တားဆီးနိုင်ခဲ့ခြင်းမရှိပါဘူး။


အဲ့ဒါကြောင့်လည်း အိုဆင်မ်ဟန်က ဘောလုံးကို တစ်ဖက်မှာ လွတ်လွတ်ကျွတ်ကျွတ်​ရှိနေတဲ့ အသင်းဖော် ခါဗက်ရှခီလီရာထံ ခင်းပေးနိုင်ခဲ့ပြီး ခီလီရာကလည်း အမှားအယွင်းမရှိ ပိတ်သွင်းနိုင်ခဲ့ပါတယ်။ အနိုင်ဂိုးရှင် ခီလီရာအပါအဝင် အသင်းဖော်တွေက အိုဆင်မ်ဟန်ကို ဝိုင်းဝန်းဂုဏ်ပြုခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

နာပိုလီဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် (၄) နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အဆင့် (၅) နဲ့ အဆင့် (၆) က ဘိုလော့ဂ်နာနဲ့ ရိုးမားတို့ ထိပ်တိုက်တွေ့နေချိန်ကို အခွင့်ကောင်းယူနိုင်ခဲ့ပါတယ်။ အိုဆင်မ်ဟန်ကလည်း ဒီပွဲမှာ အသင်းအတွက် ဂိုးဖန်တီးပေးရုံတင်မကဘဲ အဖွင့်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့တာပါ။
ပွဲကစားချိန် (၆၉) မိနစ်မှာ အိုဆင်မ်ဟန်က နာပိုလီအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး (၇၂) မိနစ်မှာတော့ ချေပဂိုးပေးခဲ့ရပါတယ်။ အဲ့ဒီနောက် (၃) မိနစ်အကြာမှာပဲ အိုဆင်မ်ဟန်ရဲ့ လှလှပပ ဖန်တီးပေးမှုကတစ်ဆင့် နာပိုလီတို့ နိုင်ပွဲရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က