ဒေါ်လာ ၆ သိန်းနဲ့ ရောင်းထွက်ဖို့ ခန့်မှန်းခဲ့တာပါ

လွန်ခဲ့တဲ့ ၄၅ နှစ်က Apple တည်ထောင်သူနှစ်ဦးဖြစ်တဲ့ စတိဗ်ဂျော့စ်နဲ့ စတိဗ်ဝေါ့ဇ်နိခ်တို့ ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ မူရင်း Apple ကွန်ပျူတာကို အင်္ဂါနေ့က လေလံတင်ရောင်းချခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ ကျင်းပတဲ့ original Apple ကွန်ပျူတာလေလံတင်ပွဲမှာ ဒီနေ့ခေတ် MacBook တွေရဲ့ ဘိုးအေ Apple-1 ကွန်ပျူတာကို လေလံတင်ခဲ့တာပါ။ လေလံအောင်ကြောင်း တူမထုခင်အထိ Apple-1 ကွန်ပျူတာကို ဒေါ်လာ ၆ သိန်းနဲ့ လေလံအောင်မယ်လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်းမှ အလုံး ၂၀၀ ပဲ ထုတ်ခဲ့တဲ့ ကွန်ပျူတာတွေထဲက ရှားရှားပါးပါး တစ်လုံးကို လေလံတင်ခဲ့တာပါ။



Photo : John Moran

 

Chaffey College လို့ နာမည်ပေးထားတဲ့ Apple-1 ကွန်ပျူတာဟာ ကုမ္ပဏီတည်ထောင်သူနှစ်ဦးဖြစ်တဲ့ စတိဗ်ဂျော့စ်နဲ့ စတိဗ်ဝေါ့ဇ်နိခ်တို့နှစ်ဦး Appleကို စပြီး တည်ထောင်တဲ့အချိန်က အစောဆုံး ထုတ်ခဲ့တဲ့ ထုတ်ကုန်တွေဖြစ်ပါတယ်။ ကားဂိုဒေါင်ထဲက startup တစ်ခုအဖြစ် စတင်ခဲ့တဲ့ Apple ဟာ အခုတော့ ဒေါ်လာ ၂ ထရီလီယံတန် ဧရာမလုပ်ငန်းကြီး ဖြစ်လာခဲ့တာပါ။ 

John Moran Auctioneers လေလံပွဲမှာ Chaffey College ကွန်ပျူတာကို ဒေါ်လာ ၄ သိန်း (မြန်မာငွေ သိန်း ၇၃၀၀ ကျော်) ဈေးနဲ့ ရောင်းထွက်ခဲ့တယ်လို့ကိုယ်ထည် NDTV က ဖော်ပြပါတယ်။ ကွန်ပျူတာကိုယ်ထည်ကို ဟာဝိုင်အီကျွန်းပေါ်မှာ ပေါက်တဲ့ ဒေသမျိုးရင်း Koa သစ်သားနဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး မူရင်းကွန်ပျူတာအလုံး ၂၀၀ ထဲက လက်တစ်ဆုပ်စာလောက်ပဲ ဒီနည်းနဲ့ ထုတ်ထားခဲ့တာကြောင့် အခုလောက် ရှားပါးနေတာ ဖြစ်ပါတယ်။ 


Photo: republicworld

များသောအားဖြင့် စတိဗ်ဂျော့စ်နဲ့ ဝေါ့ဇနိခ်တို့နှစ်ဦးဟာ Apple-1 တွေကို ကွန်ပျူတာပစ္စည်းအစိတ်အပိုင်းတွေအဖြစ်ပဲ ရောင်းခဲ့တာ ဖြစ်ပြီး ကွန်ပျူတာအလုံး ၅၀ လောက် သယ်သွားရတဲ့ ကွန်ပျူတာဆိုင်တစ်ဆိုင်ကပဲ ဒီကွန်ပျူတာတွေကို သစ်သားနဲ့ ပုံးရိုက်သွားတာလို့လည်း လေလံရုံက ဆိုပါတယ်။ လေလံအောင်သွားတဲ့ ဒီကွန်ပျူတာကို Chaffey College က အီလက်ထရွန်းနစ်ပါမောက္ခ ရန်ချိုကူကာမွန်ဂါဆိုသူက လက်ဦးပိုင်ဆိုင်ခဲ့ပြီး ၁၉၇၇ မှာ သူ့ကျောင်းသားကို ပြန်ရောင်းခဲ့တာ ဖြစ်ပါတယ်။ 

အဲ့ဒီအချိန်က ဒီကျောင်းသားဟာ ဒေါ်လာ ၆၅၀ ပေးပြီး ဝယ်ခဲ့တာလို့လည်း Los Angeles Times က ဖော်ပြပါတယ်။ အခုတော့ ဒေါ်လာ ၄ သိန်းဈေးနဲ့ ပြန်ရောင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဈေးကွက်ထဲ ရောက်လာတဲ့ Apple-1 ကွန်ပျူတာတစ်လုံးလည်း Bohams လေလံရုံကနေ ဒေါ်လာ ၉ သိန်းကျော်ဈေးနဲ့ လေလံအောင်ခဲ့ပါတယ်။ 

Share

က္က