အန်းဒရိုက်ဖုန်းတွေထဲမှာ Stylus ပါတဲ့ ဖုန်း ရှားရှားပါးပါး ဖုန်းတစ်လုံးအဖြစ် Moto G Stylus ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
Motorola ဖုန်းတွေထဲမှာ ပထမဆုံး stylus ပါတဲ့ Moto G Stylus ဟာ mid-range တန်းဝင် ဖုန်းတစ်မျိုး ဖြစ်ပြီး punch-hole ကင်မရာပေါက်ဒီဇိုင်းနဲ့ ထွက်ထားတာပါ။ ဖုန်းအောက်ခြေ ညာဘက်ထောင့်မှာ Stylus ထည့်ဖို့ နေရာပေးထားပါတယ်။
Photo: GSMArena
Galaxy Note နောက်ဆုံးပေါ်ဖုန်းတွေမှာ ပါတဲ့ S Pen လိုမျိုး pressure sensitive စနစ်နဲ့ Bluetooth လုပ်ဆောင်ချက်တွေတော့ မရပါဘူး။ ဒါပေမယ့်လည်း Pen တစ်ချောင်းရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ note ရေးတာ နဲ့ sketch ဆွဲတာတွေကို စတိုင်ကျကျ လုပ်ဆောင်နိုင်မှာပါ။
Moto G Stylus ဟာ မျက်နှာပြင် ၆.၄ လက်မရှိပြီး FHD+ ရုပ်ထွက်ပါရှိပါတယ်။ ကျောဘက် Moto လိုဂိုထဲမှာ လက်ဗွေဖတ်စနစ် ထည့်ထားပြီး ထောင်လိုက် triple lens ကင်မရာစနစ် နဲ့ လာပါတယ်။ ရှေ့ဘက်မှာ 16MP ဆယ်လ်ဖီကင်မရာ ပါရှိပါတယ်။
ကျောဘက်မှာ 48MP main ကင်မရာ နဲ့အတူ 16MP ultrawide Action ကင်မရာနဲ့ ၂ စင်တီမီတာအကွာကနေ focus ဖမ်းနိုင်မယ့် 2MP macro ကင်မရာတွေ သုံးထားပါတယ်။ USB Type C ကနေ အားသွင်းနိုင်မယ့် 4000mAh ဘက်ထရီ ၊ Snapdragon 665 chipset နဲ့ RAM 4GB/128GB storage များ ပါရှိထားပြီး Hybrid Dual SIM စနစ်နဲ့ လာပါတယ်။
၂၉၉ ဒေါ်လာ (မြန်မာငွေ ၄ သိန်းခွဲနီးပါး) ဈေးနဲ့ ဝယ်ယူနိုင်မှာပါ။