လိမ္မော်သီးဟာ သူမကို ချစ်သူထားလို့ အမေက သဘောမကျဘူးလို့ ပြောပါတယ်။သူမကတော့ လက်ရှိမှာ သရုပ်ဆောင် ကျော်ကျော်ပိုင်မှူးနဲ့ တွဲနေတာဖြစ်ပါတယ်။
Photo: Mi Mon Mon Thike
လိမ္မော်သီးကတော့ သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ ဒါပေမယ့် မိခင်ဖြစ်သူက သဘောမတူဘူး ဆိုပြီးတော့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“အစ်မက အသက် ၃၀ ဆိုတော့ ရည်းစားတော့ရှိပါတယ်။ ဒါပေမယ့် အစ်မမိဘကတော့ သဘောမတူဘူး။ သူက ဘယ်သူနဲ့မှကို မတူတာ။ အစ်မရည်းစားထားတာကို သူလုံးဝမကြိုက်ဘူး။ အစ်မ အိမ်ထောင်ပြုမှာကိုလည်း သူ လုံးဝ အားမပေးဘူး။ အစ်မကို တစ်ယောက်တည်းနေစေချင်တာ။ အစ်မက တစ်ယောက်တည်းနေရတာပျင်းတော့ ရည်းစားတော့ ထားတာပေါ့နော်”လို့ ဆိုပါတယ်။
Photo: Mi Mon Mon Thike
အဆိုတော်လိမ္မော်သီးရဲ့ ချစ်သူကတော့ သရုပ်ဆောင်အဆိုတော် ကျော်ကျော်ပိုင်မှူးဖြစ်ပါတယ်။ လိမ္မော်သီးက သူမရဲ့ မိသားစုပုံစံကိုနားလည်ပေးတတ်ဖို့ ချစ်သူကိုလည်း သေချာ ပြောပြထားတယ်လို့ ဆိုပါတယ်။
“သူ့ကိုလည်း အစ်မ အစောကြီးကတည်းကပြောပြထားပြီးသား အမေ သဘောကျချင်လည်းကျမယ်၊ မကျချင်လည်း မကျဘူး။ အစ်မမိသားစုရဲ့ စိတ်နေစိတ်ထား၊ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေး၊ မိသားစုက အရမ်းလည်းရင်းနှီးတယ်။ ကိစ္စတစ်ခုခုဆို အရမ်းလည်းဝင်ပါတယ်။ ကောင်းစေ ချင်လို့ပြောတာပေါ့နော်။ အစ်မတို့မိသားစုပုံစံကို အစောကြီးကတည်းက ပြောထားပြီးသား။ သည်းခံဖို့လည်း သူ့ကို ပြောထားပြီးသားပါ”လို့ သူကဆိုပါတယ်။
Photo: Mi Mon Mon Thike
ချစ်သူထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး မိသားစုနဲ့ အမြဲတမ်း အတိုက်အခံလုပ်ခဲ့ဖူးတယ်လို့ လိမ္မော်သီးက ပြောပါတယ်။ မိခင်ဖြစ်သူနဲ့လည်း စကားသိပ်မပြောဖြစ်ပါဘူးတဲ့။ အချစ်ရေးအကြောင်းအရာနဲ့ ပတ်သက်ပြီး မိသားဝင်တွေအရှေ့မှာ မပြောမိအောင်နေတယ်၊ ပျော်ပျော်နေတယ်လို့ ဒီဇင်ဘာလ ၁၂ ရက်နေ့က သူမရဲ့ “အသက်ရှင်မယ့်သူ” တေးစီးရီးမိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
“ အသက် ၃၀ ပြည့်ပြီးတဲ့နောက်ပိုင်း ပျော်အောင်ပဲနေတော့မယ်လို့ ဆုံးဖြတ်ထားတယ်။ စိတ်ဆင်းရဲစရာတွေဆို အစ်မက သိပ်မတွေးဘူး။ ဒါပေမယ့် အထွေထွေနဲ့ပတ်သက်လာရင်တော့ စိတ်ဖိစီးမှုတော်တော်များတာ။ ပျော်အောင်နေလို့ နည်းနည်းတောင် ဝလာတယ်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။
Photo: Mi Mon Mon Thike
လိမ္မော်သီးကိုတော့ ရော့ခ် သီချင်းချိုချိုလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူမဟာ ချစ်စရာကောင်းတဲ့ မျက်နှာအမူအရာအပြင်၊ အရပ်ရှည်ရှည်၊ ဆံပင်ရှည်ရှည်တို့ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အသံပါဝါအားကောင်းမှုတွေကြောင့်လည်း ပရိသတ်တွေက ပိုသတိထားမိလာခဲ့တာပါ။ အခုဆိုရင် သူမရဲ့ ဂီတသက်တမ်းဟာ ၈ နှစ်ခန့်ရှိနေပြီဖြစ်ပါတယ်။ သူမဟာ "လိမ္မော်သီးရဲ့ လိမ္မော်ရောင် စိတ်ကူးများ"၊ "လူမှန်" ၊ "ဒဏ်ရာနှလုံးသား" စတဲ့ တစ်ကိုယ်တော်အခွေတွေ ထွက်ရှိထားပါတယ်။ အခုဆိုရင်တော့ နောက်ထပ် တစ်ကိုယ်တော်ခွေအနေနဲ့ "အသက်ရှင်မယ့်သူ" ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။
Share