ဝင်ငွေနှေးကွေးလာခြင်းကို အကြောင်းပြုပြီး Netflix ဝန်ထမ်း ရာနဲ့ချီ အလုပ်လျှော့တဲ့အထဲ ပါသွားခဲ့ပါတယ်။
Movie Streaming ပလက်ဖောင်းကြီးတစ်ခုဖြစ်တဲ့ Netflix ဟာ ကုမ္ပဏီဝန်ထမ်းပေါင်း ၁၅၀ ကို အလုပ်ဖြုတ်ခဲ့တာ ဖြစ်တယ်လို့ CNBC က အင်္ဂါနေ့မှာ အတည်ပြုပါတယ်။ အလုပ်လျှော့လိုက်တဲ့အထိဲမှာ Netflix fan တွေအတွက် ထုတ်ထားတဲ့ Tudum ဝက်ဘ်ဆိုက်မှာ ကန်ထရိုက်စာချုပ်နဲ့ လုပ်နေသူ အနည်းဆုံး ၂၆ ဦးလည်း ပါဝင်နေပါတယ်။ ဝန်ထမ်းပေါင်း ၁၁၀၀၀ ရှိတဲ့အထဲက ၂% အောက် အလုပ်က ဖြုတ်ခံရတာ ဖြစ်ပြီး အလုပ်ဖြုတ်ခံရတဲ့ ဝန်ထမ်းအများစုက အမေရိကန်နိုင်ငံက ဖြစ်တယ်လို့လည်း ဆိုပါတယ်။
"ဝင်ငွေရလဒ်ရှင်းတမ်းမှာ ပြောခဲ့သလိုပါပဲ။ ဝင်ငွေဖွံ့ဖြိုးမှု နှေးကွေးနေလာခြင်းက ကုမ္ပဏီကုန်ကျစရိတ်ကို လျှော့ချဖို့ ဖြစ်လာပါတယ်။ ဒါကြောင့်ပဲ စိတ်မကောင်းစွာနဲ့ ဝန်ထမ် ၁၅၀ ခန့်ကို အလုပ်လျှော့လိုက်ရပါတယ်။ အများစုက အမေရိကန်ပြည်ထောင်စုကပါ။ တစ်ဦးချင်း စွမ်းဆောင်ရည်ထက် စီးပွားရေးလိုအပ်ချက်အရ အခုလို လုပ်လိုက်တာပါ။" လို့ Netflix ကိုယ်စားလှယ်က CNBC ကို ပြောပါတယ်။
ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ် အခပေးသုံးစွဲသူ Subscriber ဆုံးရှုံးမှု ကြုံခဲ့တဲ့ Netflix ဟာ ပထမသုံးလပတ်ဝင်ငွေရလဒ် ရှင်းတမ်းထွက်လာပြီး တစ်လဝန်းကျင်လောက် အကြာမှာ ဝန်ထမ်းတွေ လျှော့ချခဲ့ပါတယ်။ လာမယ့် သုံးလပတ်မှာလည်း ထပ်ပြီး Subscriber ကျဖို့ ရှိမယ်လို့လည်း ကုမ္ပဏီက တွက်ထားပါတယ်။ ကုမ္ပဏီရဲ့ အစုရှယ်ယာတန်ဖိုးဟာ ဇန်နဝါရီလက စပြီး ၇၀% နီးပါး ထိုးကျသွားခဲ့ပါတယ်။
ဝင်ငွေကျလာခြင်းအကြောင်းရင်းထဲမှာ Netflix အကောင့်ရှိသူက တခြားသူတွေကို ပေးသုံးနေတဲ့ ပြဿနာကြောင့်လို့လည်း ပြောထားပါတယ်။ အကောင့် Share သုံးတဲ့ အိမ်ထောင်စုပေါင်း သန်း ၁၀၀ ကျော်အထိ ရှိမယ်လို့ပါ ကုမ္ပဏီက တွက်ချက်ထားပါတယ်။ ကုမ္ပဏီပူးတွဲ CEO ရိဒ် ဟတ်စတင်းကတော့ အခပေး Subscriber သစ် ရလာဖို့ ဈေးသက်သာပြီး ကြော်ငြာ Ads ပါတဲ့ Plan သစ်တွေ စတင်မယ့်အကြောင်း ပြောထားပါတယ်။
Netflix ရဲ့ ဝန်ထမ်းအင်အားလျှော့လာတဲ့ ကိစ္စဟာ နည်းပညာလုပ်ငန်းတွေမှာ ကြုံလာတဲ့ အလုပ်အကိုင်ပြဿနာတစ်ခုဖြစ်ပြီး ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Facebook မိခင်ကုမ္ပဏီ Meta ၊ Amazon ၊ Uber နဲ့ Robinhood တို့လည်း ဝန်ထမ်းခေါ်ယူမှု ရပ်ဆိုင်းတာနဲ့ အလုပ်လျှော့တာတွေ လုပ်နေကြပါတယ်။